နတ်မောက်တွင် ကား (၂) စီး ရေထဲမျောပါ၍ အမျိုးသား (၁) ဦး ပျောက်ဆုံးနေ

(ပြည်တွင်း) ဇွန် ၆

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၌ ယမန်နေ့ ဇွန် ၅ ရက်ညပိုင်းတွင် မိနစ်ပိုင်းသာခြား၍ ကား (၂) စီး ရေထဲမျောပါခဲ့မှုဖြစ်ပွားခဲ့ပြီး အမျိုးသား တစ်ဦးပျောက်ဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာရှိ ချောင်းအတွင်း ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ကား ၁ စီးမှ ဖြတ်ကူးမောင်းနှင်ရာ ရေစီးနှင့်အတူမျောပါသွားသဖြင့် ယနေ့ ဇွန် ၆ ရက်နံနက်ပိုင်း၌ နတ်မောက်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများက ချောင်းအတွင်းမှ ဆယ်ယူခဲ့ကြရာ ကားမောင်သူ အမျိုးသားမှာ ပျောက်ဆုံး‌နေကြောင်း သိရသည်။

ထို‌ပျောက်ဆုံးနေသူ အမျိုးသားအား မီးသတ်တပ်ဖွဲ့နှင့် ဒေသခံကျေးရွာသူ/သားများမှ ဆက်လက် ရှာဖွေ‌ေနလျက်ရှိကြောင်းသိရသည်။အလားတူ ည ၇ နာရီ ၄၅ မိနစ်ခန့်ကလည်း နတ်မောက်မြို့နယ်၊ အင်းကုန်းကျေးရွာ၊ ဇဗ္ဗူထွန်းဆီဆိုင်အနီးရှိ ချောင်းရိုးထဲတွင် ကား (၁) စီး မျောနေသဖြင့် နတ်မောက်မြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဆယ်ယူပေးခဲ့ကြောင်း သိရပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းသိရသည်။