
(နိုင်ငံတကာ) ဇွန် ၆
အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ယာယီငြိမ်းချမ်းရေး ဆွေးနွေးမှုများ ရပ်တန့်နေစဉ်အတွင်း ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)နှင့် ပင်လယ် ကွေ့ဒေသဆီသို့ ဦးတည်ပစ်ခတ်လာသည့် အီရန်၏ ဘာလစ်စတစ်ဒုံးကျည်များနှင့် တိုက်ခိုက်ရေးဒရုန်း အများအပြားကို ကြားဖြတ်ဟန့် တား ပစ်ခတ်နိုင်ခဲ့ကြောင်း အမေရိကန်က ကြေညာခဲ့သည်။
အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ၏ ထုတ်ပြန်ချက်အရ သောကြာနေ့ညပိုင်းက ကူဝိတ်နှင့် ဘာရိန်းနိုင်ငံတို့ဆီသို့ ဦးတည်၍ ဘာလစ်စတစ်ဒုံးကျည် ၇ စင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး၊ ယင်းမတိုင်မီ နာရီပိုင်းအလိုကလည်း ဟော်မုဇ်ရေလက်ကြားသို့ ဦးတည်ပျံသန်းလာသည့် အီရန်၏ တိုက်ခိုက်ရေးဒရုန်း ၄ စင်းကို CENTCOM က ပစ်ချခဲ့သည်။ ဒုံးကျည်များအနက် ၆ စင်းကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပြီး တစ်စင်းမှာမူ ပစ်မှတ်သို့ ရောက်ရှိခဲ့ခြင်းမရှိပေ။ တုံ့ပြန်မှုအနေဖြင့် အမေရိကန်တပ်ဖွဲ့များသည် ဂိုရတ်ခ် (Goruk) နှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်ရှိ အီရန်၏ ကမ်းရိုးတန်းစောင့်ကြည့်ရေး ရေဒါစခန်းများကို ပစ် မှတ်ထား တိုက်ခိုက်ခဲ့သည်။
အီရန် IRGC အဖွဲ့က ၎င်းတို့၏တိုက်ခိုက်မှုများသည် အမေရိကန်၏ တိုက်ခိုက်မှုများအပေါ် လက်စားချေခြင်းဖြစ်ပြီး ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများနှင့် IRGC နှင့် ညှိ နှိုင်းခြင်းမရှိဘဲ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းသည့် ရေနံတင်သင်္ဘော ၄ စင်းကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ် ကြောင်း ဆိုသည်။
အယ်လ်ဂျာဇီးယား သတင်းဌာန၏ သုံးသပ်ချက်အရ ဤလုပ်ရပ်သည် ဒေသတွင်း၌ အမေရိကန်၏ ကျူးကျော်မှုများကို ပြင်းပြင်းထန်ထန် ချက်ချင်းလက်စားချေသွားမည်ဟူသော အီရန်၏ ပြတ်သားသည့် “သတိပေးချက်” ဖြစ် သည်။
လက်ရှိတွင် အမေရိကန်နှင့် အီရန်တို့သည် စစ်ပွဲအဆုံး သတ်ရေးအတွက် သွယ်ဝိုက်ဆွေးနွေးနေသော်လည်း အီရန် ဘက်က ပိတ်ဆို့မှုများ ဖယ်ရှားပေးရန် တောင်းဆိုနေပြီး အမေရိကန်ဘက်က ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရန်နှင့် နျူကလီးယားအစီအစဉ်ကို လိုက်လျောရန် တောင်းဆိုနေမှုကြောင့် သဘော ထားကွဲလွဲနေဆဲဖြစ်သည်။
အမေရိကန်နှင့် အီရန်တို့ အပြန်အလှန် တိုက်ခိုက်နေကြစဉ်မှာပင် အစ္စရေးသည် လေဘာနွန်တောင်ပိုင်းတွင် တိုက် ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။ စနေနေ့နံနက်ပိုင်းက ခါဒါလီ-နာဘာတီးယား လမ်းပေါ်၌ အစ္စရေး၏ တိုက်ခိုက်မှုတစ်ခုကြောင့် လေဘာနွန်စစ်တပ်မှ အရာရှိတစ်ဦးအပါအဝင် စစ်သားအချို့ သေဆုံးခဲ့သည်။ လေဘာနွန်စစ်တပ်သည် သမိုင်းတစ် လျှောက် ထိပ်တိုက်တွေ့ဆုံမှုများကို ရှောင်ရှားခဲ့ပြီး လက်ရှိပဋိပက္ခတွင် ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း ယခုကဲ့သို့ ထိခိုက်မှုများ ရှိလာခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ခ်ချီက လေဘာနွန်နိုင်ငံသည် အီရန်အတွက် အမေရိကန်နှင့် ဆွေးနွေးပွဲများတွင် အပေးအယူလုပ်စရာ ဖဲချပ်တစ်ခု မဟုတ်ကြောင်းနှင့် ဟစ်ဇ်ဘိုလာခေါင်းဆောင် နာအင် ကာဆမ်ကလည်း အစ္စရေးတပ်များ လေဘာနွန်တောင်ပိုင်းမှ ဆုတ်ခွာခြင်းမရှိသည့် အမေရိကန်ကြားဝင်စေ့စပ်ပေးသော အပစ်အခတ်ရပ်စဲရေးကို ပယ်ချထားကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN