
(နိုင်ငံတကာ) ဇွန် ၄
အစ္စရေးနှင့် လေဘာနွန်နိုင်ငံတို့သည် အမေရိကန်ပြည် ထောင်စု ဝါရှင်တန်ဒီစီတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများအပြီး အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြသော်လည်း ယင်းသည် ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့ဘက်က တိုက်ခိုက်မှုများကို “လုံးဝရပ်ဆိုင်းရန်” အပေါ်တွင်သာ မူတည်နေကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။
နှစ်နိုင်ငံအကြား တရားဝင် သံတမန်ဆက်ဆံရေး မရှိသော် လည်း ဗုဒ္ဓဟူးနေ့က ဆွေးနွေးပွဲတွင် အခြားသော အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများကို ဖယ်ထုတ်၍ လေဘာနွန်အစိုးရစစ်တပ်ကသာ သီးသန့်ထိန်းချုပ်ရမည့် “စမ်းသပ်ဇုန်များ (Pilot Zones)” ထူ ထောင်ရန် သဘောတူညီခဲ့ကြသည်။
ယခုသဘောတူညီချက်သည် ပြီးခဲ့သည့် မေလအတွင်းက သဘောတူညီခဲ့သည့် ၄၅ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သက် တမ်းတိုးမှုကို ထပ်မံအတည်ပြုခြင်း ဖြစ်သည်။ သို့သော်လည်း အဓိကလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဟစ်ဇဘိုလာသည် ယခုဆွေးနွေးပွဲတွင် ပါဝင်ခဲ့ခြင်းမရှိသဖြင့် ယင်းမူဘောင်ကို လက် တွေ့မြေပြင်တွင် မည်သို့အကောင် အထည်ဖော်မည်နည်းဟူ သော မေးခွန်းများ ထွက်ပေါ်နေ သည်။
အပစ်အခတ်ရပ်စဲရေး သတင်းထွက်ပေါ်လာသော်လည်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ် (Israel Katz)က ကြာသပတေးနေ့တွင် မိမိတို့စစ်တပ်အနေဖြင့် လေဘာနွန်တောင်ပိုင်းမှ ဆုတ်ခွာမည်မဟုတ်ဘဲ စစ်ရေးလှုပ်ရှားမှုများကို ဆက် လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ အစ္စရေးတို့ သတ်မှတ်ထားသည့် ကြားခံဇုန်အတွင်းရှိ လေဘာနွန်တောင်ပိုင်းဒေသခံ သိန်းနှင့်ချီသော ပြည်သူများကိုလည်း နေရပ်ပြန်ခွင့်ပြုဦးမည်မဟုတ်ကြောင်းနှင့် ဘေရွတ်မြို့(Beirut)အထိ လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပိုင်ခွင့် လွတ်လပ်ခွင့်ရှိကြောင်း ၎င်းက ဆိုသည်။
မြေပြင်တွင်လည်း အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လေဘာနွန်တောင်ပိုင်း၌ အရပ်သားများ ထိ ခိုက်ဒဏ်ရာရမှုများ ရှိနေပြီး၊ ဟစ်ဇဘိုလာဘက်ကလည်း အစ္စရေးစစ်သားများနှင့် စစ်စခန်းများကို ရော့ကတ်များနှင့် ဒရုန်းများဖြင့် ပြန် လည်တိုက်ခိုက်လျက်ရှိသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လေဘာနွန်ပဋိပက္ခနှင့် အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် စစ်ပွဲဆင်နွှဲနေမှုကို သီးခြားစီခွဲ၍ ဆွေးနွေးလိုသော်လည်း၊ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီ (Abbas Araghchi)ကမူ ယင်းပဋိပက္ခနှစ်ခုစလုံးသည် ဆက်စပ်နေကြောင်းနှင့် အစ္စရေးက ဘေရွတ်မြို့ကို တိုက်ခိုက်လာပါက စစ်ပွဲကို အပြည့်အဝ ပြန်လည်စတင်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်လိမ့်မည်ဟု သတိပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် မော့ဂျ်တာဘာ ခါမေနီ (Mojtaba Khamenei) ကလည်း တိုင်းပြည်အတွင်း သွေးခွဲလိုသည့် ရန်သူ့အန္တရာယ်များကို အမျိုးသားညီ ညွတ်ရေးဖြင့် ရင်ဆိုင်ကြရန် ကြာသပတေးနေ့တွင် တိုက်တွန်းခဲ့သည်။
လက်ဘနွန်စစ်မျက်နှာတွင် အပစ်ရပ်ရန် ကြိုးပမ်းနေသော် လည်း အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသ (Gaza Strip) ပေါ်သို့ ညပိုင်းအပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာ၊ ဂါဇာစီးတီးရှိ လူနေတိုက်ခန်းများ ထိမှန်ပြီး ကလေးငယ် ၄ ဦးအပါအဝင် အနည်းဆုံး အရပ်သား ၉ ဦး ထပ်မံသေဆုံးခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြထားသည်။ နှစ်ဦးနှစ်ဖက်လုံးသည် လာမည့် ဇွန်လ ၂၂ ရက် သီတင်းပတ်တွင် ဘက်စုံသဘောတူညီချက်ရရှိရန် ဝါရှင်တန်၌ ထပ်မံတွေ့ဆုံ ဆွေး နွေးကြဦးမည် ဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN