
(နိုင်ငံတကာ) ဇွန် ၄
လွန်ခဲ့သည့် ခြောက်ရက်က ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင် (Mount Everest)ပေါ်တွင် ပျောက်ဆုံးသွားခဲ့ပြီး သေဆုံးသွားပြီဟု ဘေးပတ်ဝန်းကျင်က ယူဆထားကြသည့် နီပေါနိုင်ငံသား ရှာပါး(Sherpa) တောင်တက်လမ်းပြတစ်ဦးကို တောင်ခြေစခန်း (Base Camp)သို့ တစ်ဦးတည်း တွားသွားဆင်းလာစဉ် အသက်ရှင်လျက် အံ့ဩဖွယ် ပြန်လည်တွေ့ရှိခဲ့သည်။
အဆိုပါလမ်းပြအား ရှာဖွေရေးလုပ်ငန်းစဉ်များကို ညှိ နှိုင်းကူညီပေးခဲ့သည့် 8K Expeditions အဖွဲ့မှ ပန်ဘာ ရှာပါး (Pemba Sherpa)၏ ပြောကြားချက်အရ အသက် ၅၂ နှစ်အရွယ်ရှိ တောင်တက်လမ်းပြ ဒါဝါ ရှာပါး (Dawa Sherpa)ကို ကြာသပတေးနေ့ နံနက်ပိုင်းတွင် တောင်ပေါ်ရှိ ဆီးနှင်းများဖုံးလွှမ်းနေသော ခွန်ဘူရေခဲပြင် (Khumbu Icefall) အနီး၌ တောင်ခြေစခန်းဘက်သို့ တစ်ကိုယ်တည်း တွားသွားဆင်းလာစဉ် တောင်ပေါ်သန့်ရှင်းရေးအဖွဲ့တစ်ဖွဲ့က မမျှော်လင့်ဘဲ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဒါဝါ ရှာပါးကို အာဏာပိုင်များက ဘေးကင်းရာသို့ သယ် ဆောင်လာခဲ့ပြီး အစားအစာနှင့် ရေ ဖြည့်တင်းပေးခဲ့ကာ၊ ကယ် ဆယ်ရေးရဟတ်ယာဉ်ဖြင့် မြို့တော် ခတ္တမန္ဒူရှိ HAMS ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့သည်။ ဆေးရုံတွင် ၎င်းအား သေဆုံးသွားပြီဟု ယူဆကာ နာရေးရက် လည် ကံတော့ပွဲ အခမ်းအနားများ စတင်ပြုလုပ်နေသည့် ဇနီးနှင့် သမီးဖြစ်သူတို့က ဝမ်းသာအားရ စောင့်ကြိုနေခဲ့ကြသည်။
ဇနီးဖြစ်သူ ဒါမူ ရှာပါး (Damu Sherpa) က “သူ အသက်ရှင်သေးတယ်ဆိုတာကို ပြည်တွင်းသတင်းတွေနဲ့ ကျွန်မတို့သိတဲ့သူတစ်ယောက်က ဖုန်းဆက်ပြောလို့ အရင်ဆုံး ကြားလိုက်ရတာပါ။ အခု သူ့ကို တောင်ပေါ်ကနေ ပြန်ခေါ်လာနေပြီလို့ ကြားရပါတယ်” ဟု ပြောကြားခဲ့သည်။
ဒါဝါ ရှာပါးကို ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က တောင်ပေါ်မှ ပြန်လည်ဆင်းသက်လာစဉ် နောက်ဆုံး မြင်တွေ့ခဲ့ရခြင်း ဖြစ် သည်။ ၎င်းလမ်းပြပေးခဲ့သည့် ပိုလန်နိုင်ငံသား တောင်တက် သမားတစ်ဦးမှာ တောင်ခြေစခန်းသို့ ဘေးကင်းစွာ ရောက်ရှိခဲ့သော်လည်း ဒါဝါမှာမူ လမ်းခရီးတွင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ကနဦးတွင် ရှာဖွေရေးအဖွဲ့ စေ လွှတ်ရန် ကြန့်ကြာမှုများ ရှိခဲ့ပြီး နောက်ပိုင်းတွင် ကယ်ဆယ်ရေးရဟတ်ယာဉ်များဖြင့် ရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့သဖြင့် မိသားစုဝင်များမှာ ၎င်းကို ပြန် လည်တွေ့ရတော့မည်ဟူသော မျှော်လင့်ချက် ပျက်ပြယ်လုနီးပါး ဖြစ်ခဲ့ရသည်။

၎င်း၏ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူ မင်ဒို လာမူ ရှာပါး (Mendo Lhamu Sherpa)က မိသားစုအနေဖြင့် ဖခင်ဖြစ်သူအတွက် ရက်ပေါင်းများစွာ ပြုလုပ်ရမည့် နာရေးရက်လည်ဆုတောင်းပွဲ၏ ဒုတိယမြောက်နေ့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ဒီသတင်းကို အစဆုံး ကြားရတုန်းကတော့ အဲ့ဒီလူက တကယ်ပဲ ကျွန်မတို့အဖေ ဟုတ်၊ မဟုတ် မသေချာခဲ့ဘူး။ ဒါနဲ့ သေချာအောင် ဓာတ်ပုံတွေ ပို့ပေးဖို့ တောင်းဆိုကြည့်လိုက်တော့မှ အဖေမှန်း အသေအချာသိရပြီး အရမ်း ဝမ်းသာသွားရပါတယ်” ဟု သမီးဖြစ်သူက ဆိုသည်။
ဒါဝါ ရှာပါးကို ကယ်တင်နိုင်ခဲ့သည့် သန့်ရှင်းရေးအဖွဲ့သည် ဆာဂါမာသာ ညစ်ညမ်းမှုထိန်းချုပ်ရေးကော်မတီ (Sagarmatha Pollution Control Committee) မှ ဖြစ်ပြီး၊ ၎င်းတို့သည် တောင်တက်ရာသီအစတွင် လှေကားများနှင့် ကြိုးများကို လမ်းကြောင်းတစ်လျှောက် ဆင်မြင်ပေးကာ၊ ရာသီကုန်ချိန်တွင် အဆိုပါပစ္စည်းများကို ပြန်လည်သိမ်းဆည်း၍ တောင်ပေါ်သန့်ရှင်းရေး လုပ်ဆောင်ပေးသည့် အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့် မေလအတွင်းက ဧဝရတ်တောင်တက်ရာသီ ၏ အစည်ကားဆုံးကာလအဖြစ် တောင်တက်သမားနှင့် လမ်းပြ စုစု ပေါင်း ၁,၀၀၀ ကျော် တောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့ကြပြီး၊ ယခုရာသီအတွင်း အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN