
(နိုင်ငံတကာ) ဇွန် ၂
အမေရိကန်ပြည်ထောင်စုတွင် လိင်ပြောင်းလဲထားသူ (Transgender) စစ်သည်များကို စစ်တပ်မှ ထုတ်ပယ်ရန် သမ္မတ ဒေါ်နယ်ထရမ့် တရားဝင်ချမှတ်ခဲ့သည့် မူဝါဒသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေအရ တန်းတူညီမျှ အကာ အကွယ်ရရှိပိုင်ခွင့်ကို ချိုးဖောက်ရာရောက်ကြောင်း အမေရိကန် အယူခံတရားရုံးတစ်ခုက ဆုံးဖြတ်ပြီး အောက်တရား ရုံး၏ တားမြစ်မိန့်ကို အတည်ပြုလိုက်သည်။
ကိုလံဘီယာခရိုင်(District of Columbia)ဆိုင်ရာ အမေရိကန်အယူခံတရားရုံး၏ တရားသူကြီး ၃ ဦးပါ ခုံအဖွဲ့က တနင်္လာ နေ့တွင် စီရင်ချက်ချမှတ်ရာ၌ သဘောထားကွဲလွဲမှုများ ရှိခဲ့သော် လည်း အများစုက ထရမ့်၏ မူဝါဒကို ပယ်ချခဲ့ခြင်း ဖြစ်သည်။
သမ္မတဟောင်း အိုဘားမား ခန့်အပ်ခဲ့သည့် တရားသူကြီး ရောဘတ် ဝီလ်ကင်စ်က ထရမ့်၏ မူဝါဒသည် နိုင်ငံရေးအရ လူကြိုက်မများသော ထရန်စဂျင်ဒါအုပ်စုကို နစ်နာစေလိုသည့် အောက်တန်းကျသော အလိုဆန္ဒသက်သက်ဖြင့် မောင်းနှင်ထားခြင်းဖြစ်ပြီး သိသိသာသာ ခွဲခြားဆက်ဆံရာရောက်ကြောင်း စီရင်ချက်တွင် ရေးသားခဲ့သည်။ ၎င်း၏ သဘောထားကို တရားသူကြီး ဂျူးဒစ် ရော့ဂျာစ်ကလည်း ထောက်ခံခဲ့သည်။
သို့သော်လည်း အဆိုပါစီရင်ချက်သည် လက်ရှိစစ်မှု ထမ်းနေဆဲ စစ်သည်များကိုသာ ကာကွယ်ပေးထားပြီး လိင်ပြောင်းလဲထားသူ စစ်သားသစ်စုဆောင်းမှုကို ထရမ့်အစိုးရက ပိတ်ပင်ခြင်း မပြုရန် တားမြစ်ထားသည့် အချက်ကိုမူ ပယ်ဖျက်ပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် ထရမ့်ခန့်အပ်ခဲ့သည့် တရားသူကြီး ဂျက်စတင် ဝေါ်ကာကမူ စစ်တပ်ဖွဲ့ စည်းပုံအပေါ် တရားရုံးက ဝင်ရောက်စွက်ဖက်ခြင်းသည် အာဏာခွဲဝေမှုစနစ်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုကာ ကန့်ကွက်လွှာ ထုတ်ပြန်ခဲ့သည်။
ယခုအမှုသည် သမ္မတ ဒေါ်နယ်ထရမ့် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းအစ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် “စစ်ဘက်ဆိုင်ရာ ထူးချွန်မှုနှင့် အဆင်သင့်ဖြစ်မှုကို ဦးစားပေးခြင်း” သမ္မတအမိန့်အပေါ် အခြေခံကာ အငြင်းပွားခဲ့ခြင်း ဖြစ်သည်။ ထရမ့်က အမေရိကန်စစ်တပ်တွင် အစွန်း ရောက်ဂျင်ဒါအယူဝါဒများ စိမ့်ဝင် နေပြီး ထရန်စဂျင်ဒါများသည် စစ်မှုထမ်းရန် မသင့်လျော်ကြောင်း၊ စည်းကမ်းမဲ့ပြီး လိမ်လည်သူများဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ကာ ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ်ကလည်း ၎င်းတို့ကို စစ်မှုထမ်းခွင့် အရည် အချင်းဖျက်သိမ်းမည့် ၁၃ စာမျက်နှာပါ မှတ်တမ်းကို ထုတ်ပြန်ခဲ့သည်။
သို့သော် တရားစွဲဆိုထားသည့် ထရန်စဂျင်ဒါ စစ်သည်များ သည် စစ်မှုထမ်းသက်တမ်း စုစုပေါင်း နှစ်ပေါင်း ၁၃၀ ရှိပြီး ဂုဏ်ပြုချီးကျူးလွှာပေါင်း ၈၀ ကျော် ရရှိထားသူများဖြစ်သဖြင့် ၎င်းတို့ကြောင့် အမျိုးသားလုံခြုံရေး ထိခိုက်မည်ဆိုသည့် ထရမ့်အစိုးရ၏ အငြင်းပွားချက်ကို တရားရုံးက ပယ်ချခဲ့သည်။
ဤကဲ့သို့ သဘောထားကွဲလွဲနေသည့် စီရင်ချက်ကြောင့် အမေရိကန်စစ်ဘက်မူဝါဒအပေါ် ချက်ချင်းသက်ရောက်မှု ရှိလာဦးမည် မဟုတ်သော်လည်း ဒီမိုကရက်များနှင့် LGBTQ+ အခွင့်အရေး လှုပ်ရှားသူများကမူ ယခုစီရင်ချက်ကို အစွဲအလမ်းကြီးမှုအပေါ် ရရှိသည့် အောင်ပွဲအဖြစ် ကြို ဆိုခဲ့ကြသည်။
တစ်ဖက်တွင်လည်း ကာကွယ်ရေးဝန်ကြီး ဟက်ဂ်ဆက်သ်က ပန်တဂွန်စစ်ဌာနချုပ်အနေဖြင့် ဤဆုံးဖြတ် ချက်ကို မကျေနပ်သဖြင့် တရားရုံးချုပ် (SCOTUS)အထိ တက်ရောက်ကာ ဆက် လက်အယူခံဝင်သွားမည်ဖြစ်ကြောင်း ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် တုံ့ပြန်ပြောကြားထားသည်။
Telegram»…
https://t.me/positiveanglenews
#PAN