အမေရိကန်-အစ္စရေး စစ်ဘက်ဆိုင်ရာ နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းမည့် စီမံကိန်းကို အမေရိကန်လွှတ်တော် စတင်ရှေ့တိုး၊ ဝေဖန်သူများက အစ္စရေး၏ သြဇာလွှမ်းမိုးမှုကို စိုးရိမ်

(နိုင်ငံတကာ)မေ ၃၁

     အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးနိုင်ငံတို့အကြား ဆယ်စုနှစ်များစွာကြာ တည်ရှိခဲ့သော စစ်ရေးမိတ်ဖက်ဆက်ဆံရေးကို အခြေခံကစပြီး ပြောင်းလဲပစ်နိုင်သည့် “အမေရိကန်-အစ္စရေး ကာကွယ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှု အစီအမံ” ဥပဒေကြမ်းကို အမေရိကန်လွှတ်တော်က စတင်ရှေ့တိုးဆောင် ရွက်နေပြီ ဖြစ်သည်။

     အဆိုပါပြဋ္ဌာန်းချက်သည် ၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုး သားကာကွယ်ရေး လုပ်ပိုင်ခွင့်အာဏာပေးအပ်ခြင်းအက် ဥပဒေ (NDAA)မူကြမ်း၏ ပုဒ်မ ၂၂၄ တွင် ပါဝင်လာခြင်းဖြစ်ပြီး အောင်မြင်ပါက နှစ်နိုင်ငံစစ်တပ်၏ လက်နက်သုတေသန၊ ကာကွယ်ရေးစက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်တို့ကို တစ်သားတည်း ဖြစ်သွားစေမည် ဖြစ်သည်။

     ယခုဥပဒေကြမ်းအရ အမေရိကန်ကာကွယ်ရေးဝန်ကြီးသည် နှစ်နိုင်ငံစစ်ရေးပူးပေါင်းမှုကို ညှိနှိုင်းရန် “အမှုဆောင်ကိုယ်စား လှယ်” (Executive Agent) တစ်ဦးကို သီးသန့်ခန့်အပ်ရမည်ဖြစ်ပြီး၊ ပူးတွဲလက်နက်ထုတ်လုပ်ရေးသာမက ကွန်ပျူတာဉာဏ်ရည်တု (AI)၊ ဒရုန်းနှင့် ဆိုင်ဘာစစ်ဆင် ရေးစနစ်များကိုပါ ချိတ် ဆက်သွားမည် ဖြစ်သည်။

     အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိဟောင်း ဂျော့ရှ် ပေါလ် (Josh Paul)က ယခုဥပဒေသည် အစ္စရေးအား အမေရိကန်နည်းပညာများကို မကြုံစဖူး ဝင်ရောက်ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး အမေရိကန်၏ ကာကွယ်ရေးဦးစားပေးမှုများအပေါ် အစ္စရေးအား ကြီးမားသော သြဇာလွှမ်းမိုးခွင့် (Leverage) ပေးလိုက်သကဲ့သို့ ဖြစ်စေမည်ဟု လူမှုကွန် ရက်တွင် ဝေဖန်သတိပေးထားသည်။

     လက်ရှိတွင် အမေရိကန်ပြည်သူများနှင့် လွှတ်တော်အမတ်အချို့အကြား အစ္စရေးသို့ စစ်ရေးအရ ထပ်မံပံ့ပိုးကူညီမှုအပေါ် ကန့်ကွက်မှုများ မြင့်တက်နေသော်လည်း၊ ယခုဥပဒေကြမ်းကို အောက်လွှတ်တော်ကော်မတီ၏ ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက် အကြီးအကဲနှစ်ဦးစလုံးက ပူးတွဲအဆိုပြုခဲ့သဖြင့် ပါတီကြီးနှစ်ခုစလုံး၏ ထောက်ခံမှုကို ရရှိထားသည်။

     အမေရိကန်သည် လက်ရှိတွင် အစ္စရေးသို့ တစ်နှစ်လျှင် ဒေါ်လာ ၃.၈ ဘီလီယံ စစ်ရေးအကူအညီ ပေးနေသော် လည်း၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အမေရိကန်၏ ငွေကြေးအကူအညီအပေါ် မှီခိုနေရမှုကို ၁၀ နှစ်အတွင်း အဆုံး သတ်လိုကြောင်း ပြောကြားထားသည်။ ထို့ကြောင့် ငွေကြေးထောက်ပံ့မှုထက် ကာကွယ်ရေးစက်မှုလုပ်ငန်းချင်း ပေါင်းစည်းမည့် ယခုစီမံကိန်းသည် ၎င်း၏ ရည်မှန်းချက်နှင့် ကိုက်ညီနေသည်။

     ယခုပြဋ္ဌာန်းချက်သည် ယခုနှစ်အစောပိုင်း (ဖေဖော်ဝါရီ လ) က အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့ခြင်း၊ ထို့နောက် ငါးပတ်ကြာ စစ်ပွဲဖြစ်ပွားကာ ဧပြီလတွင်မှ အပစ်အခတ်ရပ်စဲရေး ရရှိခဲ့ခြင်း စသည့် အရှေ့အလယ်ပိုင်း စစ်ရေးတင်းမာမှုများအကြား ထွက်ပေါ်လာခြင်းဖြစ်သည်။

     တစ်ချိန်တည်းတွင် ဂါဇာစစ်ပွဲနှင့် ပတ်သက်၍ အစ္စရေးသည် နိုင်ငံတကာတရားရုံး (ICJ) တွင် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲ ချက်များနှင့် ရင်ဆိုင်နေရချိန်လည်း ဖြစ်သည်။ ဥပဒေကြမ်းကို ဇွန်လဆန်းတွင် အောက်လွှတ်တော် ကော်မတီက စတင်စစ်ဆေးမည်ဖြစ်ပြီး လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုမှသာ ဥပဒေဖြစ်လာမည် ဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

#PAN