ကင်ညာနိုင်ငံတွင် ကျောင်းမီးလောင်မှုကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပြီးနောက် ကျောင်းသူ ရှစ်ဦးကို မီးရှို့မှုသံသယဖြင့် ဖမ်းဆီး

(နိုင်ငံတကာ)မေ ၃၀

     ကင်ညာနိုင်ငံ အနောက်-အလယ်ပိုင်း ဂီဂီလ် (Gilgil) မြို့ရှိ ယူတူမီရှီ မိန်းကလေးအကယ်ဒမီ အထက်တန်းကျောင်း (Utumishi Girls Academy Senior School) တွင် ပြီးခဲ့သည့် ကြာသပတေးနေ့ အရုဏ်ဦးပိုင်းက ကျောင်းသူ ၁၆ ဦး သေဆုံးပြီး ၇၉ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည့် သွေးလန့်ဖွယ်ရာ မီးလောင်မှုကြီး ဖြစ်ပွားခဲ့သည်။

     ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကင်ညာရာဇဝတ်မှုစုံစမ်းစစ် ဆေးရေးညွှန်ကြားမှုဦးစီးဌာနက ပဏာမစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက်၊ ဤမီးရှို့တိုက်ခိုက်မှုကို ကြိုတင်စီစဉ်ပြီး အကောင်အထည်ဖော်ခဲ့သည်ဟု ယူဆရသည့် အဓိကသံသယရှိသူ ကျောင်းသူ ရှစ်ဦးကို မီးရှို့မှုဖြင့် ဖမ်း ဆီးထိန်းသိမ်းလိုက်ပြီ ဖြစ်ကြောင်း သောကြာနေ့တွင် ထုတ် ပြန်ကြေညာခဲ့သည်။

     မျက်မြင်တွေ့ရှိသူ ကျောင်းသူတစ်ဦးဖြစ်သည့် ဟီလ်ဒါ ညယ်ရီ (Hilda Njeri)က မီးလောင်မှုဖြစ်ပွားချိန်တွင် မီးအရှိန်အလွန်ပြင်းထန်လှပြီး အိပ်ဆောင်အတွင်း၌ ငြှိမ်းသတ်ရန် ရေမရှိခြင်း၊ မီးခိုးများကြောင့် အသက်ရှူကျပ်ခြင်းတို့ကြောင့် မီးတောက်များကြားမှ ဖြတ်မပြေးနိုင်ဘဲ ပြတင်း ပေါက်များမှတစ်ဆင့် အောက်သို့ စွန့်စားခုန်ချခဲ့ရကြောင်း၊ သူမကိုယ်တိုင်လည်း ခြေထောက်နှင့် ခါးတို့တွင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ‘အယ်လ်ဂျာဇီးရား’ သတင်းဌာနသို့ ရင်ဖွင့်ပြောကြားခဲ့သည်။

     သတင်းအချက်အလက် ချက်ချင်းမရရှိမှုကြောင့် သား သမီးများကို စိုးရိမ်ပူပန်နေကြသည့် မိဘအများအပြားလည်း ကျောင်းဝင်းအတွင်း ရောက်ရှိနေကြပြီး အချို့မှာ စစ်ဆေးမေး မြန်းခံနေရသည့် မိမိတို့သားသမီးများနှင့် တွေ့ ဆုံခွင့်ရရန် စောင့်ဆိုင်းနေကြရသည်။

ကင်ညာ ပညာရေးဝန်ကြီး ဂျူးလိယပ်စ် အိုဂမ်ဘာ (Julius Ogamba)က သတင်းထောက်များကို ပြောကြားရာတွင် ဤကျောင်းသူများ၏ မီးရှို့မည့်အစီအစဉ်ကို ကျောင်းမှ ဆရာနှစ်ဦးက ကြိုတင်သိရှိထားသော်လည်း တားဆီးရန် ပျက်ကွက်ခဲ့ကြောင်း ပဏာမစုံစမ်းတွေ့ရှိရသဖြင့် အလွန်စိတ်ပျက်မိကြောင်း ဆိုသည်။

     ထို့ပြင် ၎င်းကျောင်းသည် အိပ်ဆောင်များတွင် လူဦးရေ ကျပ်ညပ်လွန်းခြင်းနှင့် အရေးပေါ်ထွက်ပေါက်ကို သော့ခတ်ထားခြင်းတို့ကြောင့် အစိုးရ၏ ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းများကို ပြင်းထန်စွာ လိုက်နာရန် ပျက်ကွက်ခဲ့ကြောင်း ထောက်ပြခဲ့သည်။

     လက်ရှိတွင် ကင်ညာအစိုးရသည် အဆိုပါကျောင်း၏ စီမံခန့် ခွဲမှုဘုတ်အဖွဲ့ကို ချက်ချင်းဖျက်သိမ်းလိုက်ပြီဖြစ်ပြီး၊ မိမိတို့တာဝန်ကို လျစ်လျူရှုထားကြောင်း စစ်ဆေးတွေ့ရှိရသည့် ဆရာများနှင့် ဝန်ထမ်းအားလုံးကို ဥပဒေကြောင်းအရ အရေးယူမှုအပြင် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အပြစ် ပေးမှုများကိုပါ ပြတ်ပြတ်သားသား လုပ်ဆောင်သွားမည်ဟု ဝန်ကြီးက အခိုင် အမာ ပြောကြားခဲ့သည်။

     ကင်ညာနိုင်ငံတွင် ယခင်ကလည်း ၂၀၂၄ ခုနှစ်က ညယ်ရီခရိုင် အိပ်ဆောင်ကျောင်းမီးလောင်မှုကြောင့် ကျောင်း သား ၂၁ ဦး သေဆုံးခဲ့ဖူးသလို၊ ၂၀၀၁ ခုနှစ်ကလည်း ကယန်ဂူလီအလယ်တန်းကျောင်းတွင် မီးရှို့တိုက်ခိုက်မှုကြောင့် ကျောင်း သား ၆၇ ဦးအထိ သေဆုံးခဲ့ဖူးသည့် ဝမ်း နည်းဖွယ်ရာ သမိုင်းဆိုးများ ရှိခဲ့ဖူးသည်။

Telegram»…
https://t.me/positiveanglenews

#PAN