ပေါင်မြို့နယ်တွင် ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် တစ်ဦး ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်ခံရမှု ဖြစ်ပွား

(မှုခင်း) မေ ၂၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သပြုချောင်ကျေးရွာတွင် ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်အချိန်က ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်အား အမည်မသိအဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဉ်အရ ဦးဖိုးချစ်သည် ရွာအလယ်ရှိ ဆွမ်းလောင်းတဲ၌ ထိုင်နေစဉ် အမည်မသိလူ ၁၀ ဦးခန့်သည် ကားနှင့်ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ပြီး ၎င်းကိုင်ဆောင်ထားသည့် M-21 သေနတ်တစ်လက်နှင့် ကျည်များကိုလည်း ယူဆောင်သွားကြောင်း ကနဦးသတင်းများတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များမှ ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။