
(ပညာရေး) မေ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် အခြေခံပညာကျောင်းများအား ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီမှစတင်၍ သက်ဆိုင်ရာကျောင်းအသီးသီးတွင် စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းအသီးသီးသို့ လာရောက်အပ်နှံလျက်ရှိပြီး သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများက လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်လက်ခံမှုအခြေအနေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူးကျော်စိုးထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖောင်းပြင်မြို့နယ်အနေဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၃ ကျောင်း တိုးချဲ့ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံတော်အနေဖြင့် KG မှ G-5 အထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ပုံနှိပ်စာအုပ်များကို အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ပြီး G-6 မှ G-9 အထိ ကျောင်းသား၊ ကျောင်းသူများကိုလည်း ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ပုံနှိပ်စာအုပ်များ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။