
(ပြည်တွင်း) မေ ၂၅
မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးနှင့် တာဝန်ရှိသူများသည် ပြီးခဲ့သည့် မေလ ၂၀ရက် နံနက်ပိုင်းက သထုံမြို့ရှိ ပြည်နယ်ငါးလုပ်ငန်းစခန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ငါးလုပ်ငန်းစခန်း၌ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးက ရေချိုငါးနှင့် ပုဇွန်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ ငါးစားသုံးမှုဖူလုံရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရေးကို အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့အပြင် ငါးသားပေါက်စခန်းမှ သင်တန်းသားများ ခေါ်ယူသင်ကြားပေး၍ အခြားမြို့နယ်များတွင်လည်း လုပ်ငန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးကို ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်ငါးလုပ်ငန်းစခန်းရှိ ရေချိုငါးမွေးမြူရေးကန်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ပေါင်မြို့နယ်ရှိ ကျုံကဥယျာဉ်ခြံသို့ သွားရောက်ကွင်းဆင်းစစ်ဆေးရာ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ဝန်ကြီးက မျိုးကောင်းမျိုးသန့်ပျိုးပင်များထုတ်လုပ်၍ တောင်သူလက်ဝယ်အရောက်ဖြန့်ဖြူးပေးရေး၊ သီးနှံပင်စိုက်ပျိုးထိန်းသိမ်းထုတ်လုပ်ရေး၊ သီးနှံများအတွက် ရေလုံလုံလောက်လောက်ရရှိရေး၊ အပင်များရောဂါပိုး အန္တရာယ်မှ ကာကွယ်ရေး၊ ရေမြေဒေသနှင့် ကိုက်ညီသော ပျိုးပင်များ ထုတ်လုပ်ရေး၊ ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များရရှိရေး၊ တိုးတက်ပြောင်းလဲလာသော စိုက်ပျိုးနည်းစနစ်များအား တောင်သူသိရှိနိုင်ရန် ပညာပေးလုပ်ငန်းများဆောင်ရွက်ကြစေရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဥယျာဉ်ခြံအတွင်းရှိ ကိုင်းဆက်ပင်၊ ဖူးဆက်ပင်များ၊ မျိုးပွားကော်ဖီ၊ ကြက်မောက်နှင့် ဒူးရင်းပျိုးပင်များ စိုက်ပျိုးထုတ်လုပ်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခြံထွက်ပျိုးပင်များ အရောင်းအဝယ်အခြေအနေများကိုလည်း မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။