(ခရီးသွားလုပ်ငန်း) မေ ၁၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုရှိ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်း ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ ယခုခရီးသွားရာသီတွင် ဥရောပနိုင်ငံများမှ နိုင်ငံခြားသားခရီးသွားများ အများဆုံး လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ခရီးသွားရာသီကာလအတွင်း ဂျာမနီ၊ ရုရှား၊ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီနှင့် ချက်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် ဥရောပနိုင်ငံများမှ ခရီးသွားများ လာရောက်ခဲ့ကြပြီး ပင်လယ်ပြင်သဘာဝအလှ၊ သစ်တောများ၊ ရှားပါးမျိုးစိတ်များ၊ ဒီရေတောများနှင့် သန္တာကျောက်တန်းများကို လေ့လာအပန်းဖြေခဲ့ကြသည်။
ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသည် တစ်ရက်လျှင် ခရီးသွား ၄၀ ကျော်သာ လက်ခံကာ ပင်လယ်အစားအစာများနှင့် သဘာဝသစ်သားအိမ်များဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။
ခရီးသွားဝင်ရောက်မှုများအတွက် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၈၅၀၊ ကျန်လများတွင် အမေရိကန်ဒေါ်လာ ၈၀၀ ဖြင့် ဝန်ဆောင်မှုပေးကြောင်း သိရသည်။
ခရီးသွားများသည် ပုံမှန်အားဖြင့် နိုဝင်ဘာလမှ ဧပြီလကုန်ပိုင်းအထိ လာရောက်လေ့ရှိပြီး ယခုနှစ်တွင် ခရီးသွားဝင်ရောက်မှုများ ပိုမိုများပြားခဲ့ခြင်းကြောင့် လာမည့်ရာသီအတွက် မေလမှစတင်ကာ ကြိုတင်စာရင်းလက်ခံလျက်ရှိကြောင်း သိရသည်။
ဝါးအလယ်ကျွန်းအပန်းဖြေစခန်းမှ တာဝန်ရှိသူတစ်ဦးက “ဂေဟစနစ်မပျက်စီးစေရန် တစ်ရက်လျှင် ခရီးသွား ၄၀ မှ ၅၀ အတွင်းသာ လက်ခံပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းအဖြစ် သဘာဝပတ်ဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဒေသခံဆလုံတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုများကို ပြသလျက်ရှိသည်” ဟု ပြောကြားခဲ့သည်။
လန်ပိကျွန်းကို ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။ ယခုခရီးသွားရာသီတွင် လာရောက်သူများအနက် ဂျာမနီနိုင်ငံမှ ခရီးသွားများ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ရုရှားနိုင်ငံမှဖြစ်ကာ တတိယမှာ အမေရိကန်နိုင်ငံမှဖြစ်ကြောင်း သိရသည်။

#PAN