အိန္ဒိယတွင် ရေအားလျှပ်စစ်စီမံကိန်း ဥမင်လှိုင်ခေါင်း ပြိုကျမှုကြောင့် ၁၀ ဦး သေဆုံးပြီး ၁၇ ဦး ပျောက်ဆုံးနေဆဲ

(နိုင်ငံတကာ) ဇူလိုင် ၂၂                              

   အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဆစ်ကင် (Sikkim) ပြည်နယ်တွင် တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းတစ်ခု၌ ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဥမင်လှိုင် ခေါင်း ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးကာ ၁၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက တရားဝင် ထုတ်ပြန်ကြေညာသည်။                    

     ဘူတန်နှင့် တိဘက်နယ်စပ်အနီး ဟိမဝန္တာတောင်တန်းဒေသရှိ Samardung ရွာတွင် တည်ရှိသော မီဂါဝပ် ၅၀၀ ရှိသည့် တိစတာ(Teesta) ရေအားလျှပ်စစ်စီမံကိန်းတွင် နိုင်ငံပိုင် အမျိုးသား ရေအားလျှပ်စစ်ကော်ပိုရေးရှင်း (NHPC) က လုပ်ငန်းများ ဆောင်ရွက်နေစဉ် တနင်္လာနေ့က ယခုကဲ့သို့ မတော်တဆမှု ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

     ကျောက်သားများအတွင်း ပိတ်မိနေသော မီသိန်းဓာတ် ငွေ့ ရုတ်တရက် ပေါက်ကွဲခြင်းကြောင့် ဥမင်လမ်း ပြိုကျခဲ့ခြင်းဖြစ် ကြောင်း NHPC က အတည်ပြုပြောကြားခဲ့သည်။ ပေါက်ကွဲသံ ကျယ်လောင်စွာ ကြားလိုက်ရပြီးနောက် ဥမင်လမ်းအတွင်း အမှိုက်သရိုက်များနှင့် ကျောက်တုံးများ ပြိုကျလာကာ အလုပ် သမားများ ပိတ်မိခဲ့ကြသည်။

     သတင်းများ ပျံ့နှံ့သွားပြီးနောက် ကယ်ဆယ်ရေးဝင်ရောက်ကူညီခဲ့ကြသည့် NHPC မှ တာဝန်ရှိသူ ခြောက်ဦးလည်း ဥမင်လမ်းအတွင်း ပိတ်မိသွားခဲ့သည်။လက်ရှိအချိန်အထိ ရုပ်အလောင်း ၁၀ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အခြား ၁၇ ဦးမှာ ဆက်လက် ပိတ်မိနေဆဲဖြစ်ကာ စိုးရိမ်စရာ အခြေအနေတွင် ရှိနေသည်။          

    အမျိုးသားသဘာဝဘေးကယ်ဆယ်ရေးတပ်ဖွဲ့(NDRF) အပါအဝင် ကယ်ဆယ်ရေးအဖွဲ့များသည် ဥမင်လမ်းအတွင်း မီသိန်း၊ ကာဗွန်မိုနောက်ဆိုက်နှင့် ဟိုက်ဒရိုဂျင်ဆာလပိုင်းဒ် စသည့် အဆိပ်သင့်ဓာတ်ငွေ့များ စုပုံနေခြင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အထူးခက်ခဲစွာ လုပ်ဆောင်နေရသည်။

ကယ်ဆယ်ရေးသမားများသည် အထူးပြု အသက်ရှူကိရိယာများကို အသုံးပြုကာ အသက်ရှင်ကျန်ရစ်သူများကို အလုအယက် ရှာဖွေလျက်ရှိသည်။

    ဟိမဝန္တာတောင်တန်းဒေသရှိ ကျောက်စရိုက်ပုံစံ နုနယ်ပျက်စီးလွယ်ခြင်းနှင့် မြေငလျင်လှုပ်ရှားမှု အလွန်များပြားခြင်းတို့ကြောင့် ယခုကဲ့သို့ ဥမင်လမ်းစီမံကိန်းများမှာ အမြဲတမ်း အန္တရာယ်ကြီးမားလျက်ရှိကြောင်း ကျွမ်းကျင်သူများက ထောက်ပြထားသည်။                    

Telegram»…  https://t.me/positiveanglenews

#PAN