တောင်ကြီးတွင် စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဆေးခြောက်များ ဖမ်းမိ

(မှုခင်း) ဇူလိုင် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဆေးခြောက်များကို သုံးစွဲ၊ ရောင်းဝယ်သူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၁ ရက်၊ မွန်းလွဲ ၃ နာရီအချိန်ခန့်က တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၉)၊ ဖရဲငွေတောင်လမ်းပေါ်တွင် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပိတ်ဆို့စစ်ဆေးဆောင်ရွက်နေစဉ် ယင်းလမ်းမပေါ်တွင် တွေ့ရှိရသူ ခွန်လင်းနောင် (ခ) လင်းနောင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ခွန်လင်းနောင်အား စစ်ဆေးမေးမြန်းချက်အရ အဆိုပါမူးယစ်ဆေးဝါးများအား တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်၊ နယ်မြေ(၁၁)၊ ရေထွက်လမ်းနေ ရန်မင်းအောင် (ခ) ကိုလင်း ထံမှ ဝယ်ယူခဲ့ကြောင်း သိရှိရသဖြင့် ရန်မင်းအောင် (ခ) ကိုလင်း၏ နေအိမ်အား သွားရောက်ရှာဖွေရာ အိမ်ရှင် ဖြစ်သူ ရန်မင်းအောင်(ခ)ကိုလင်းအား နေအိမ်ဧည့်ခန်းတွင် တွေ့ရှိပြီး ၎င်း၏ခန္ဓာကိုယ်တွင် ၎င်းဝတ်ဆင်ထား သည့် ဘောင်းဘီတိုအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀ ပြား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ရန်မင်းအောင်၏ ထွက်ဆိုချက်အရ အဆိုပါ မူးယစ်ဆေးဝါးများအား တောင်ကြီးမြို့၊ ဘုရားဖြူ ရပ်ကွက်နေ သီဟကျော်စိုး (ခ) ကုလားထံမှ ဝယ်ယူကြောင်း သိရသဖြင့် သီဟကျော်စိုးအား မူးယစ်ဆေးဝါးများ ထပ်မံဝယ်ယူလိုကြောင်း တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ အောင်မင်္ဂလာ ဓမ္မာရုံ ရှေ့သို့ ဖုန်းဆက်ချိန်းဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် ယင်းနေ့ ညနေ ၆ နာရီခွဲခန့်တွင် သီဟကျော်စိုးအား ချိန်းဆိုထားသည့် နေရာသို့ သွားရောက် စောင့်ဆိုင်းခဲ့ရာ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းစီးနင်လာသူ သီဟကျော်စိုး (ခ) ကုလားအား တွေ့ရှိပြီး ရပ်တန့် ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းထံမှ မူးယစ်ဆေးဝါးဆေးပြား ၁၀၀၀ ပြားအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၂၁ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်တွင် အမျိုးသား တစ်ဦးထံမှ ဆေးခြောက်အမှုန့် ၁၀၀ ဂရမ်ခန့်နှင့် ဆေးခြောက်အခဲ ၅၀ ဂရမ်ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြား၊ ဆေးခြောက်များနှင့်အတူ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN