(ပြည်တွင်း) မေ ၁၃
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ရန်ကုန်တိုင်းဒေသကြီး အစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကို မေလ ၁၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားခဲ့ပြီး သန်းခေါင်စာရင်းမှ ရရှိလာသော အချက်အလက်များသည် နိုင်ငံ၏ မူဝါဒရေးဆွဲခြင်းနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများ ချမှတ်ရာတွင် အရေးပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးတို့က သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိနိုင်မည့် အချက်အလက်များအပေါ် အခြေခံ၍ မူဝါဒနှင့် စီမံကိန်းများရေးဆွဲနိုင်ရေး၊ တိုင်းဒေသကြီးအစီရင်ခံစာမှ ထုတ်ဖော်ရရှိနိုင်မည့် အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းဆိုင်ရာ တိုင်းဒေသကြီးအစီရင်ခံစာများကို သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဦးစီးမှူးများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် ဦးစီးမှူးရုံးသို့ သွားရောက်ကာ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်နေသော နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ Biometric အချက်အလက် ကောက်ယူခြင်းနှင့် UID ကတ် ထုတ်ပေးခြင်းလုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

#PAN