(ပြည်တွင်း) မေ ၈
ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးရားဝမ်ဂျုံသည် ရေးရာကော်မတီဥက္ကဌများနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၆ ခုနှစ် မေလ ၈ ရက် မွန်းလွဲ ၃း၀၀ နာရီခန့်တွင် မြစ်ကြီးနားမြို့မှ ပူတာအိုမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာခဲ့ရာ ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းနှင့် ခရိုင်/မြို့နယ်တာဝန်ရှိသူများအပြင် ရဝမ်၊ လီဆူ၊ ဂျိန်းဖောနှင့် ရှမ်းတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ၂၀၂၆ ခုနှစ် မေလ ၉ ရက် နံနက် ၁၀း၀၀ နာရီအချိန်တွင် ပူတာအိုခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီခန်းမ၌ ကျင်းပသည့် ပါတီဝင်တွေ့ဆုံပွဲ၊ ဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းပွဲနှင့် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပူတာအိုခရိုင်ခေတ္တဥက္ကဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအာမခံချက်များ၊ ကတိများနှင့် တိုင်ကြားစာဆိုင်ရာ စိစစ်ရေးကော်မတီအတွင်းရေးမှူး ဦးငွားဒီးယော်၊ ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးမြအုန်း၊ တိုင်းရင်းသားလူမျိုးအရေးကော်မတီဥက္ကဌ ဦးချန်းဂျောင်ဆားရ်၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီဥက္ကဌ ဒေါ်မိုးသီတာသိန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပူတာအိုနှင့် ခေါင်လန်ဖူးမြို့နယ်များမှ ပါတီဥက္ကဌများနှင့် စည်းရုံးရေးမှူးများအပါအဝင် စုစုပေါင်း (၁၄၅) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးရားဝမ်ဂျုံမှ ပါတီဌာနချုပ်၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရေးနှင့် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကချင်ပြည်နယ်လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ရေးရာကော်မတီဥက္ကဌများကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ဒေသခံပြည်သူများအား တန်ဖိုးကျပ်သိန်း (၆၀) ခန့်ရှိ စားသုံးဆီများ ပံ့ပိုးပေးအပ်ခဲ့ပြီး တွေ့ဆုံပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
#PAN