(မှုခင်း) မေ ၉

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။
မေလ ၇ ရက်နေ့ ညနေ၄နာရီခွဲ အချိန်က လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်တွင် လမ်းလျှောက်လာသူ လှိုင်မျိုးကျော်(ခ)ကျော်ကြီး အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ယေ ဆက်လက်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ညနေ၅နာရီခွဲအချိန်တွင် ၎င်းနေထိုင်သည့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၀)အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူဖမ်းဆီးရမည့်သူ လှိုင်မျိုးကျော်(ခ)ကျော်ကြီး(၃၈)နှစ်အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။