(မှုခင်း) နိုဝင်ဘာ ၃
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရှေ့ဘီးပေါက်သည့် SUZUKI CARRY ယာဉ်သည် လမ်းလယ်ကျွန်းရှိ အရိပ်ရအပင်အား ဝင်တိုက်မိခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၄၇/၇ နှင့် ၂၄၈/၀ အကြား၊ ရန်ကုန်မှ မန္တလေးသို့ သွားရာလမ်းတွင် ယာဉ်မောင်းအမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦး၊ စုစုပေါင်း လေးဦး လိုက်ပါလာသော 3Q-4232 SUZUKI CARRY အမျိုးအစား အဖြူရောင်ပစ်ကပ်ယာဉ်သည် အခင်းဖြစ်နေရာအရောက်တွင် ရှေ့ဘီးပေါက်သွားခဲ့ပြီး လမ်းလယ်ကျွန်းရှိ အရိပ်ရအပင်အား ဝင်တိုက်မိကာ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါသူ လေးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်း သိရသည်။
အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အမြန်လမ်းအသုံးပြုသူ ယာဉ်မောင်းများအနေဖြင့် ယာဉ်၏ကြံ့ခိုင်မှုကို လမ်းပေါ်မမောင်းနှင်မီ သေချာစွာ စစ်ဆေးရန်၊ ယာဉ်ပေါ်ပါသူအားလုံး ထိုင်ခုံခါးပတ်ပတ်ရန်၊ သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင်ခြင်းမပြုရန်နှင့် ယာဉ်အမျိုးအစားအလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်းမပြုရန် သတိပေးထားသည်။
ထို့ပြင် မှန်လုံခရီးသည်တင်ယာဉ်ကြီးများအနေဖြင့် တစ်နာရီလျှင် ၉၀ ကီလိုမီတာ၊ လူစီးယာဉ်ငယ်များအနေဖြင့် တစ်နာရီလျှင် ၁၀၀ ကီလိုမီတာနှင့် ကုန်တင်ယာဉ်၊ ပစ်ကပ်ယာဉ်များအနေဖြင့် တစ်နာရီလျှင် ၆၀ ကီလိုမီတာနှုန်းအောက်သာ မောင်းနှင်ကြရန် အသိပေးထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN