(နိုင်ငံတကာ) နိုဝင်ဘာ ၃
ထိုင်းနိုင်ငံ၊ ချာချိုအင်ဆောင်ခရိုင်ရှိ ဂေါက်ကွင်းတစ်ခု၌ နိုဝင်ဘာ ၁ ရက်က ပြိုင်ပွဲယှဉ်ပြိုင်နေသည့် အသက် ၁၅ နှစ်အရွယ် ဂျူနီယာဂေါက်သီးရိုက်သမား အယာဝါရင် ပရာဒါဘီယတ်သည် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
အယာသည် မိုးကြိုးပစ်ခံရပြီးနောက် နှလုံးခုန်ရပ်တန့်သွားခဲ့ရာ ဆေးဘက်ဆိုင်ရာဝန်ထမ်းများက အသက်ပြန်လည်ကယ်တင်နိုင်ခဲ့သော်လည်း အခြေအနေစိုးရိမ်ရသည့်အတွက် တစ်ညလုံး အကြိမ်ကြိမ် အသက်ကယ်ကုသမှုများ ခံယူခဲ့ရသည်။
မိသားစု၏ ပြောကြားချက်အရ မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ဖခင်ဖြစ်သူ ပြန်လည်ရောက်ရှိလာပြီး နောက်ဆုံးအကြိမ် နှုတ်ဆက်နိုင်ခဲ့သည့်အထိ အယာသည် အသက်ရှင်နေခဲ့ပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
အယာ၏ မိခင် နတ်ချာ ပရာဒါဘီယတ်က ဂေါက်ကွင်းများနှင့် ပြိုင်ပွဲစီစဉ်သူများအနေဖြင့် မိုးကြိုးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်မည့် လုံခြုံရေးစည်းမျဉ်းများနှင့် အရေးပေါ်အခြေအနေများတွင် လျင်မြန်စွာတုံ့ပြန်နိုင်မည့် စနစ်များ ထားရှိရန် တောင်းဆိုထားသည်။
အယာ၏ အဘွားဖြစ်သူ အဖွန် ပရာဒါဘီယတ်ကလည်း အဆိုပါနေ့ မွန်းလွဲပိုင်းတွင် အနီးအနား၌ မိုးကြိုးနှစ်ကြိမ် ပစ်ခတ်ခဲ့ပြီးဖြစ်သော်လည်း ပြိုင်ပွဲရပ်နားရန် အမိန့်ပေးခြင်းမရှိခဲ့ကြောင်း ပြောကြားထားသည်။
အယာသည် အခြားဂေါက်သီးရိုက်သမား သုံးဦးမှ လေးဦးနှင့် ကက်ဒီများအတူ ကစားနေစဉ် အမှတ် ၁၁ ကျင်းအနီး၌ တတိယအကြိမ် မိုးကြိုးပစ်ခတ်မှုအတွင်း ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲစီစဉ်သူများက ပြိုင်ပွဲကို အမြန်ပြီးဆုံးစေရန် ဆက်လက်ကစားခိုင်းခဲ့ခြင်း ရှိ၊ မရှိကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးသကဲ့သို့ မိသားစုက ပြောကြားထားသည့် ပြိုင်ပွဲလုံခြုံရေးနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အခြေအနေများကိုလည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အယာသည် ဂျူနီယာဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ဆုများရရှိခဲ့သူဖြစ်ပြီး ၎င်း၏ပြည်နယ်ကိုယ်စားပြုအဖြစ်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ချွန်ဘူရီပြည်နယ် ဂေါက်သီးအဖွဲ့တွင် အရန်ကစားသမားအဖြစ် ရွေးချယ်ခံရရန် စဉ်းစားခြင်းခံထားရသူဖြစ်သည်။
မိသားစုသည် အယာ၏ ရုပ်အလောင်းကို တနင်္လာနေ့တွင် နေအိမ်သို့ ပြန်လည်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN