မိုးကုတ်တွင် အလေးချိန် ၁၁၀၀၀ ကရက်ရှိ ပတ္တမြားကြီး ရှာဖွေတွေ့ရှိ၊ နိုင်ငံတော်သမ္မတနှင့် အစိုးရတာဝန်ရှိသူများ ကြည့်ရှု


(နိုင်ငံရေး) မေ ၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပပြီး ပြည်သူများ၏ ဆန္ဒအရ ဒီမိုကရေစီအစိုးရ တာဝန်ယူပြီးနောက် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်သစ်ကူးကာလ လွန်မြောက်ချိန်တွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်ရတနာမြေမှ အရွယ်အစားကြီးမားပြီး ထူးခြားလှပသည့် ပတ္တမြားတစ်ပွင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပတ္တမြားကြီးကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဒုတိယသမ္မတများဖြစ်သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အစိုးရတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမ၌ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ပတ္တမြားကြီး၏ အလေးချိန်၊ အရောင်အသွေး၊ အရည်အသွေးနှင့် ထူးခြားချက်များကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြသည်။

ယခုတွေ့ရှိခဲ့သော ပတ္တမြားသည် အလေးချိန် ၂၂၀၀ ဂရမ် (၁၁၀၀၀ ကရက်)ရှိပြီး အရွယ်အစားကြီးမား၍ ရှာဖွေတွေ့ရှိရန် ခက်ခဲသည့် ရှားပါးရတနာတစ်မျိုးဖြစ်ကြောင်း သိရသည်။ ထို့အပြင် ပတ္တမြား၏ အရောင်မှာ ခရမ်းရောင်သမ်းသော အနီရောင်အတွင်း အဝါရိပ်ပါဝင်ပြီး အရောင်အဆင့်အတန်းကောင်းမွန်ကာ အလင်းပေါက်နှင့် ဖန်ရောင်လက်ကောင်းမွန်သော သဘာဝအတိုင်းရှိသည့် ပတ္တမြားဖြစ်ကြောင်းလည်း သိရသည်။

ယခင်က မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်တွင် အလေးချိန် ၄၉၆ ဒသမ ၂၅ ကရက်ရှိ နဝတပတ္တမြား၊ ၁၉၉၆ ခုနှစ်တွင် ၂၁၄၅၀ ကရက်ရှိ ပတ္တမြားနှင့် ၂၀၂၂ ခုနှစ်တွင် ၂၇၈၉ ဒသမ ၂၅ ကရက်ရှိ နစကပတ္တမြားတို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ယခုနောက်ဆုံး ရှာဖွေတွေ့ရှိခဲ့သည့် ပတ္တမြားသည် ယခင်တွေ့ရှိခဲ့သည့် ပတ္တမြားများနှင့် နှိုင်းယှဉ်ပါက အရောင်နှင့် အရည်အသွေးပိုမိုကောင်းမွန်သည့်အတွက် တန်ဖိုးမြင့်မားသော ရတနာတစ်ပွင့်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရသည်။

#PAN