
(စီးပွားရေး) မေ ၇
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ မြင့်တက်နေသည့်အပြင် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas – LNG) ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစရိတ် လျော့နည်းစေရေးနှင့် ပြည်သူများအတွက် ဓာတ်အားခဈေးနှုန်း သက်သာစေရေးအတွက် အခွန်ကင်းလွတ်ခွင့်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အသိပေးကြေညာခဲ့သည်။
ကြေညာချက်အရ သဘာဝဓာတ်ငွေ့အသုံးပြုသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှုကို အားပေးမြှင့်တင်နိုင်ရန်နှင့် ဓာတ်အားခဈေးနှုန်းများ သက်သာစေရန် ရည်ရွယ်၍ LNG တင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့အား ၂၀၂၆ ခုနှစ် မေ ၁ ရက်မှ မေ ၃၁ ရက်အထိ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခွန်ကင်းလွတ်ခွင့်သည် သတ်မှတ်ကာလအတွင်း အကောက်ခွန်ဦးစီးဌာနတွင် Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် LNG များအတွက်သာ အကျုံးဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ယခုဆောင်ရွက်ချက်သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု တိုးမြှင့်နိုင်ရေးနှင့် ပြည်သူများအတွက် လျှပ်စစ်အသုံးပြုစရိတ် သက်သာစေရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။