ဓာတ်မြေဩဇာတင်သွင်းမှုအပေါ် ကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့် မေလကုန်အထိ တိုးမြှင့်

(စီးပွားရေး) မေ ၇

နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များ လျော့နည်းစေရေးအတွက် ဓာတ်မြေဩဇာတင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) ကင်းလွတ်ခွင့်ကို မေလကုန်အထိ ထပ်မံတိုးမြှင့်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အသိပေးကြေညာခဲ့သည်။

ယခင်က ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိ ဓာတ်မြေဩဇာတင်သွင်းမှုအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုခဲ့ပြီးဖြစ်ကာ ယခုအခါ အဆိုပါကင်းလွတ်ခွင့်ကို ၂၀၂၆ ခုနှစ် မေ ၁ ရက်မှ မေ ၃၁ ရက်အထိ ဆက်လက်တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် မေ ၃၁ ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာနတွင် Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဓာတ်မြေဩဇာများအပေါ် အဆိုပါအခွန်ကင်းလွတ်ခွင့် အကျုံးဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ယခုဆောင်ရွက်ချက်သည် စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်သည့် ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့နည်းစေရန်နှင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။