အမေရိကန် ထောက်လှမ်းရေးတပ်ဖွဲ့(Secret Service) က အိမ်ဖြူတော်အနီးရှိ သေနတ်သမားတစ်ဦးကို ပစ်ခတ်ဖမ်းဆီး

(နိုင်ငံတကာ)မေ ၅

    ​​ အမေရိကန် ထောက်လှမ်းရေးတပ်ဖွဲ့(Secret Service) သည် အိမ်ဖြူတော်အနီးရှိ သေနတ်သမားတစ်ဦးကို ပြန်လည်ပစ်ခတ်ခဲ့ရာ အဆိုပါအမျိုးသား ဒဏ်ရာရရှိသွားခဲ့ပြီး အိမ်ဖြူတော်အတွင်း ခေတ္တပိတ်ဆို့မှု (Lockdown) ဖြစ်ပွားခဲ့သည်။

     တနင်္လာနေ့တွင် ဖြစ်ပွားခဲ့သော ဤပစ်ခတ်မှုနှင့်ပတ်သက်၍ ဝါရှင်တန်ဒီစီ ရဲဌာနက စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်သည်။ ယခုဖြစ်စဉ်သည် ပြီးခဲ့သည့်လက ကျင်းပသော အိမ်ဖြူတော်သတင်း ထောက်များအသင်း ညစာစားပွဲတွင် သမ္မတ ဒေါ်နယ်ထရန့်ကို လုပ်ကြံရန် ကြိုးပမ်းမှုဖြစ်ပွားပြီးနောက် ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။

     ထောက်လှမ်းရေးတပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူး မက်သရူး ကွင်း(Matthew Quinn) ၏ အဆိုအရ အရပ်ဝတ်အေးဂျင့်များသည် လက်နက်ကိုင်ဆောင်ထားသည်ဟု ယူဆရသော “သံသယဖြစ်ဖွယ်ပုဂ္ဂိုလ်” တစ်ဦးကို တွေ့ရှိခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ အေး ဂျင့်များသည် အဆိုပါအမျိုးသားနောက်သို့ ခေတ္တလိုက်ပါခဲ့ပြီး စစ်ကူခေါ်ယူခဲ့သည်။ ယူနီဖောင်းဝတ် အရာရှိများ ရောက်ရှိလာချိန်တွင် သံသယရှိသူမှာ ထွက်ပြေးရန်ကြိုးပမ်းရင်း သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့သည်။ အေးဂျင့်များက ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင် ဒဏ်ရာရရှိသွားကာ ဆေးရုံသို့ ပို့ဆောင်လိုက်ရပြီး သံသယရှိသူထံမှ လက်နက်တစ်ခုကိုလည်း သိမ်း ဆည်းရမိခဲ့သည်။

     အပြန်အလှန်ပစ်ခတ်မှုအတွင်း ကလေးငယ်တစ်ဦး သေနတ်မှန်ခဲ့သော်လည်း အသက်အန္တရာယ်မစိုးရိမ်ရပေ။ မည်သူ့ကျည်ဆန်ကြောင့် ကလေးငယ် ထိမှန်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း သံသယရှိသူ၏ ကျည်ဆန်ကြောင့် ဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးသူများက ယူဆထားသည်။

     အဆိုပါသေနတ်သမားသည် သမ္မတထရန့်ကို ပစ် မှတ်ထားခြင်း ရှိ၊ မရှိကို ဆက်လက်စုံစမ်းသွားမည်ဟု ကွင်းက ပြောကြားခဲ့သည်။ ထို့ပြင် ယခုဖြစ်စဉ်မတိုင်မီ အဆိုပါနေရာကို ဖြတ်သန်းသွားခဲ့သော ဒုသမ္မတ ဂျေဒီဗန့်စ်(JD Vance) ၏ ယာဉ်တန်းကို ပစ်မှတ်ထားရန် ရည်ရွယ်ခဲ့သည့် အထောက်အထားလည်း မတွေ့ရသေးကြောင်း သိရသည်။

​     ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က သမ္မတထရန့်ကို လုပ်ကြံရန် ကြိုးပမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် သမ္မတနှင့် သမ္မတကတော် မီလာနီယာထရန့်တို့ကို သတင်းထောက်များအသင်း ညစာစားပွဲမှ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရသည်။ ယင်းမှာ ၂၀၂၄ ခုနှစ်နောက်ပိုင်း ထရန့်ကို သတ်ဖြတ်ရန် တတိယအကြိမ်မြောက် ကြိုးပမ်းမှုဟု ယူဆရသည်။

     အဆိုပါဖြစ်စဉ်မှ သံသယရှိသူ အသက် ၃၁ နှစ်အရွယ် ကိုးလ် တိုမတ်စ် အလန်(Cole Tomas Allen) ကို ဖမ်းဆီးထားပြီး သမ္မတကို သတ်ဖြတ်ရန် ကြိုးပမ်းမှု၊ လက်နက်ဖြင့် အကြမ်းဖက်မှု ကျူးလွန်မှုနှင့် ပြည် နယ်ကျော်၍ လက်နက်ခဲယမ်းများ တရားမဝင်သယ် ဆောင်မှုတို့ဖြင့် တရားစွဲဆိုထားသည်။ ၎င်းသည် ခန်းမအတွင်းရှိ လှေကားများဘက်သို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

     စုံစမ်းစစ်ဆေးသူများ၏ စွပ်စွဲချက်အရ အလန်သည် ကျည်ကာအင်္ကျီဝတ်ထားသည့် လျှို့ဝှက်ဝန် ဆောင်မှု အေးဂျင့်တစ်ဦးကိုလည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။ တရားခံမှာမူ လက်ရှိအချိန်အထိ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထားခြင်း မရှိသေးပေ။

​#Trump #AssassinationAttempt #USPolitics #SecretService #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN