PJ စာအုပ်ကိုင် မြန်မာနိုင်ငံသားများ ခွင့်ဖြင့် ပြန်လည်ဝင်ရောက်ရာတွင် လိုက်နာရမည့်အချက်များ ထုတ်ပြန်

(ပြည်တွင်း) မေ ၅

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် PJ စာအုပ်ကိုင် မြန်မာနိုင်ငံသားများ ခွင့်ဖြင့် ပြန်လည်ဝင်ရောက်ခြင်းနှင့် ပြန်လည်ထွက်ခွာခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ၂၀၂၆ ခုနှစ် မေလ (၁) ရက်နေ့မှစတင်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ထုတ်ပြန်ကြေညာထားသည်။

ထုတ်ပြန်ချက်အရ ပြည်ပမှ ခွင့်ဖြင့် ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများသည် အလုပ်ရှင်ထံမှ ခွင့်စာ (Letter of Permission for Leave) နှင့် သက်ဆိုင်ရာ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ စိစစ်ထောက်ခံချက်များကို ရယူပြီး သတ်မှတ်စာရွက်စာတမ်းများနှင့်အတူ ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့် တင်ပြလျှောက်ထားရမည်ဖြစ်သည်။

၂၀၂၆ ခုနှစ် မေလ (၁) ရက်နေ့ မတိုင်မီ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိနေသူများအနက် ခွင့်ကာလ (၁) လကျော်သူများ သို့မဟုတ် OWIC စာရင်းနှင့် လုပ်ငန်းခွင်အချက်အလက် မကိုက်ညီသူများသည် ခွင့်ကာလကျော်ရခြင်းအကြောင်းပြချက်နှင့် သက်ဆိုင်သည့် အထောက်အထားများကို တင်ပြရမည်ဟု ဖော်ပြထားသည်။

အလုပ်သမားများ အများဆုံး ခွင့်ကာလမှာ တစ်လအထိသာ ဖြစ်ကြောင်း သတ်မှတ်ထားသည့်နိုင်ငံများရှိခြင်းကြောင့် အမှန်တကယ် ခွင့်ယူ၍ ပြန်လည်ဝင်ရောက်လာသူများကိုသာ စနစ်တကျ စိစစ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် အလုပ်ရှင်နှင့် လုပ်ငန်းခွင်ဆိုင်ရာ အချက်အလက်များကို အတည်ပြုခြင်းဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်နေစဉ် အခက်အခဲကြုံတွေ့ပါက သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်းလည်း ဆိုသည်။

လျှောက်လွှာများနှင့် အထောက်အထားများ ပြည့်စုံပါက ပြည်ပထွက်ခွာခွင့်နှင့် OWIC ကတ်အသစ်လဲလှယ်ခြင်းလုပ်ငန်းများကို ရုံးလုပ်ငန်းနေ့များအပါအဝင် တစ်ပတ်အတွင်း အမြန်ဆုံး စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။