
(ပြည်တွင်း) မေ ၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့်အညီ ရက် (၁၀၀) စီမံကိန်းကာလအတွင်း ပြည်သူများအတွက် လက်ငင်းဦးစားပေးလုပ်ငန်းများအဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် e-ID စနစ်ဆိုင်ရာ လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ကြေညာထားသည်။
ထုတ်ပြန်ချက်အရ အသက် (၁၈) နှစ်ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများကို သက်ဆိုင်ရာ လဝကမြို့နယ်ရုံးများတွင် ကတ်ပြားထုတ်ပေးလျက်ရှိပြီး အသက် (၁၀) နှစ်ပြည့် ကျောင်းသား/ကျောင်းသူများအားလည်း စာသင်ကျောင်းများတွင် UID (e-ID) ကောက်ယူခြင်းလုပ်ငန်းများကို “လမင်းစီမံချက်” ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်နှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီး/ပျောက်ဆုံးခဲ့သည့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ်များကို e-ID စနစ်ဖြင့် ပြန်လည်စိစစ်၍ မြို့နယ်အဆင့် (၅) ဦးကော်မတီများဖြင့် ပြန်လည်ထုတ်ပေးလျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။
ထို့ပြင် အချို့ပြည်သူများသည် ပွဲစားများအသုံးပြု၍ လုပ်ငန်းဆောင်ရွက်မှုများကြောင့် အတုအယောင်စာရွက်စာတမ်းများ ရရှိမှုများ ဖြစ်ပွားနေသဖြင့် သက်ဆိုင်ရာ လဝကရုံးများသို့ ကိုယ်တိုင်လာရောက်ဆောင်ရွက်ရန် အထူးမေတ္တာရပ်ခံထားသည်။
လဝကရုံးများတွင် ဧည့်ကြိုကောင်တာမှ စိစစ်လက်ခံ၍ လိုအပ်သည့်အခါ ဝန်ထမ်းများက ကူညီပေးလျက်ရှိပြီး အထောက်အထားပြည့်စုံပါက နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ကြောင်း၊ မပြည့်စုံပါက သက်ဆိုင်ရာရုံးများအချင်းချင်း ချိတ်ဆက်ညှိနှိုင်းကာ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားဆိုင်ရာလုပ်ငန်းများကို အွန်လိုင်းတွင် အတုအယောင်ဝန်ဆောင်မှုများဖြင့် လိမ်လည်ကြော်ငြာနေသည့် Fake Account များကို အမှုဖွင့်အရေးယူလျက်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
ပြည်သူများအနေဖြင့် ပွဲစားများနှင့် အတုအယောင်အကောင့်များနှင့် မဆက်သွယ်ဘဲ သက်ဆိုင်ရာ လဝကမြို့နယ်ရုံးများသို့ ကိုယ်တိုင်လာရောက်ဆောင်ရွက်ရန် တိုက်တွန်းထားပြီး အောက်ပါ ဖုန်းနံပါတ်များသို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။