
(ပြည်တွင်း) မေ ၅
အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ စက်သုံးဆီများ အဆင်ပြေချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ပြည်တွင်းစက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချမှု အခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ် မေ ၄ ရက် ညနေပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆)၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၊ YCTA နှင့် YBS တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေပြည်တော်ကောင်စီဝင်နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်ဝှမ်းတွင် စက်သုံးဆီအခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနေသည့်အခြေအနေများရှိသော်လည်း မြန်မာနိုင်ငံတွင် အစိုးရ၏ ဦးဆောင်မှုနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူလူထုတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရေးလုပ်ငန်းများ တည်ငြိမ်လာပြီး ဈေးနှုန်းများကိုလည်း မျှတစွာ စီမံဆောင်ရွက်နိုင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အရေးပါသည့် YBS ယာဉ်များနှင့် Taxi ယာဉ်များသို့ သဘာဝဓာတ်ငွေ့ (CNG) ကို ၂၀၀၇ ခုနှစ်မှစ၍ ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ဈေးနှုန်းမပြောင်းလဲဘဲ ရောင်းချပေးလျက်ရှိကြောင်း၊ ယင်းဈေးနှုန်းသည် နိုင်ငံတကာနှိုင်းယှဉ်ချက်များအရလည်း အလွန်သက်သာပြီး အာဆီယံနိုင်ငံများအတွင်း အချိုသာဆုံးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် CNG သုံး Taxi ယာဉ်များ အသုံးပြုခြင်းဖြင့် လောင်စာဆီကုန်ကျစရိတ် လျော့နည်းစေနိုင်သည့်အတွက် ပြည်သူများအတွက် အကျိုးရှိစေရန် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပြီး YBS ယာဉ်များအနေဖြင့် ခွင့်ပြုထားသော လမ်းကြောင်းများအတွင်း၌သာ မောင်းနှင်၍ ဝန်ဆောင်မှုပေးနိုင်ရေးကိုလည်း ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
စက်သုံးဆီဖြန့်ဖြူးမှု ပိုမိုစနစ်တကျဖြစ်စေရန်အတွက် Application နှင့် QR Code စနစ်များကို အသုံးပြု၍ မျှောစာစနစ်အား စစ်ဆေးရေးဂိတ်များတွင် စတင်အသုံးပြုနေပြီဖြစ်ကြောင်း၊ ဆိပ်ကမ်းသိုလှောင်ကန်များတွင် Auto Tank Gauging စနစ်များ တပ်ဆင်ခြင်းနှင့် ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ခြင်းတို့ ပြီးစီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးမှု လုပ်ငန်းစဉ်တစ်ခုလုံးကို Digital စနစ်ဖြင့် ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြစ်တွင်းသွားရေယာဉ်များအတွက် စက်သုံးဆီဖြန့်ဖြူးပေးရေးဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများကိုလည်း မကြာမီ ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းများနှင့် သက်ဆိုင်ရာ Stakeholder များအနေဖြင့် စေတနာထား၍ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။