
(ပြည်တွင်း) မေ ၅
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ဒုတိယဝန်ကြီး (ယဉ်ကျေးမှု)၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများနှင့်အတူ မေ ၄ ရက် နံနက်ပိုင်းတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ သွားရောက်ကာ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
စစ်ဆေးစဉ် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မန္တလေးဒေသ၌ ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့သည်။
ထိုသို့ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကျန်ရှိနေသည့် ပြုပြင်ဆောင်ရွက်မှုများကို မေလကုန်မတိုင်မီ အပြီးသတ်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပြီး စာဖတ်သူများ ပျော်ရွှင်စွာ လေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်ကောင်းတစ်ရပ် ဖန်တီးပေးရန်၊ စာကြည့်တိုက်ပတ်ဝန်းကျင်တွင် ကော်ဖီဆိုင်နှင့် အမှတ်တရပစ္စည်းဆိုင်များ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ရန်နှင့် စာဖတ်သူဦးရေ တိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့ပြင် စာအုပ်စာစောင်များကို Digital Format သို့ ပြောင်းလဲသည့် Digitization လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စာကြည့်တိုက်များသည် ပညာရေးအဆင့်မြှင့်တင်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ စာဖတ်သူဦးရေ တိုးတက်လာစေရေးအတွက် စာကြည့်တိုက်လှုပ်ရှားမှုများကို လူမှုကွန်ယက်များနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှတစ်ဆင့် ပိုမိုအသိပေးတင်ပြသင့်ကြောင်း လမ်းညွှန်ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားစာကြည့်တိုက်အတွင်းရှိ တက္ကသိုလ်မြတ်သူစာစုခန်း၊ Donor Collection၊ ကလေးစာဖတ်ခန်း၊ Data Center၊ အာဆီယံစာစုခန်း၊ e-Library၊ ဝန်ဇင်းမင်းရာဇာခန်းမနှင့် သုတေသနဌာနခွဲများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စာကြည့်တိုက်အသုံးပြုသူများ ပိုမိုများပြားလာစေရေး၊ စာပေပစ္စည်းများကို ပိုးမွှားအန္တရာယ်ကင်းဝေးစေရေးနှင့် Digitization လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။