ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ပါကစ္စတန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(ပြည်တွင်း) မေ ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim အား ၂၀၂၆ ခုနှစ် မေ ၄ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရေး၊ ပညာရေးနှင့် အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ရေးကိစ္စရပ်များအပြင် ဆေးဘက်ဆိုင်ရာနှီးနှောဖလှယ်ပွဲများ ပြုလုပ်ရေး၊ ကုသရေးအတွေ့အကြုံများ ဖလှယ်ရေးနှင့် ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပါကစ္စတန်သံအမတ်ကြီးနှင့်အတူ သံရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။