မအူပင်မြို့ကို ဗဟိုပြုပြီး တစ်ပတ်အတွင်း ငလျင် ၃ ကြိမ်လှုပ်ခတ်

(မိုး/ဇလ) မေ ၅

ဧရာ၀တီတိုင်းဒေသကြီး မအူပင်မြို့အနီးဒေသ၌ မေလအတွင်း အင်အားအသင့်အတင့်ရှိ မြေငလျင် ၃ ကြိမ် လှုပ်ရှားခဲ့ကြောင်း တိုင်းထွာချက်များအရ သိရသည်။

မေလ ၅ ရက်နေ့ နံနက်ပိုင်း ၃နာရီ ၁မိနစ် ၂၉စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တိုင်းထွာချက်အရ အနောက်-အနောက်တောင်ဘက် (၂၆) မိုင်ခန့်ကွာ၊ မအူပင်မြို့အရှေ့မြောက်ဘက် (၉) မိုင်အကွာတွင် ဗဟိုပြုခဲ့ပြီး မြောက်လတ္တီတွဒ် ၁၆.၇၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၇၇ ဒီဂရီ၊ အနက် (၁၆) ကီလိုမီတာတွင် ဖြစ်ပွားခဲ့ပြီး အင်အား ၃.၈ မဂ္ဂနီကျူဒ်အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် မေလ ၁ ရက်နေ့ ၊ ၂ရက်နေ့တွင်လည်း အင်အားအသင့်အတင့်ရှိ မြေငလျင်များလှုပ်ခဲ့ကြောင်း သိရသည်။ မေလ ၁ ရက်နေ့က မအူပင်မြို့အနောက်မြောက်ဘက် (၁၁) မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၆.၈၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၅၁ ဒီဂရီ၊ အနက် (၅) ကီလိုမီတာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
အလားတူ မေလ၂ရက်နေ့တွင်လည်း မအူပင်မြို့၏ မြောက်ဘက်(၁၂) မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၁၆.၉၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၂) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။