
(ပြည်တွင်း) မေ ၄
(၃၈)ဖြာမင်္ဂလာတရားတော်မြတ်များကိုလိုက်နာကျင့်သုံးနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ထန်းတပင်မြို့နယ်ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(YMBA)တို့ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ(၃၈)ဖြာမင်္ဂလာနှင့် အခြေခံယဥ် ကျေးလိမ္မာ သင်တန်း ကို မေလ (၄) ရက်နေ့၊ နံနက်ပိုင်းက လမုတန်းကြီးကျေးရွာအုပ်စု၊ လမုတန်းကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင်ဖွင့်လှစ်ခဲ့ကြသည်။
ဦးစွာနမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြပြီးလမုတန်းကြီးကျေးရွာသာသနဇောတိကရာမ
ကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တသာသနသီရိမှ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များနှင့် ကျောင်းသား၊ ကျောင်းသူများကို ဆုံးမသြဝါဒစကားများမြွတ်ကြားခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းရီ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးနိုင်နိုင်ဦးနှင့်ထန်းတပင်မြို့နယ်ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(YMBA)ဥက္ကဌ ဦးသန်းဝင်းတို့အဖွင့်အမှာစကားများပြောကြားခဲ့ကြပြီး အတွင်းရေးမှူး ဦးရန်လင်းအောင်ကသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။
နွေရာသီယဥ်ကျေးလိမ္မာသင်တန်းများဖြစ် သည့် အခြေခံဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာ (KG) အဆင့် သင်တန်းနှင့် (၃၈) ဖြာမင်္ဂလာနှင့်ဗုဒ္ဓဝင်၊ ပြည်သူ့နီတိအခြေခံ ပထမအဆင့် သင်တန်းသို့ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၃၀)ဦးတို့တက်ရောက်ခဲ့ကြပြီး
သင်တန်းကို မေလ(၄)ရက်နေ့မှ မေလ (၁၀)ရက်နေ့အထိ နေ့စဥ်ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါသင်တန်း တက်ရောက်လျက်ရှိ သည့် ကျောင်းသား၊ ကျောင်းသူများအား အဟာရကျွေးမွေးနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းရီ နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးနိုင်နိုင်ဦးတို့ကမြို့နယ်ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(YMBA)ဥက္ကဌ ဦးသန်းဝင်းထံသို့အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြပြီးမြို့နယ်ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း (YMBA)မှတာဝန်ရှိသူများက YMBA(ဗဟို)မှထုတ်ဝေ သည့် (၃၈)ဖြာ မင်္ဂလာစာအုပ်များနှင့် သင်ထောက်ကူပြု စာရေးကိရိယာပစ္စည်းများကို ကျေးရွာတာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။