တောင်ငူတွင် ကြေးဘုရားလက်တော်များ ဖြတ်ခိုးမှုဖြင့် ၁၃ နှစ်အရွယ်ကလေး ဖမ်းဆီးခံရ

(မှုခင်း) ဩဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အမှတ် (၁) ရဲစခန်းအနီးရှိ ဘိုးဘွားရိပ်သာစေတီတွင် ကိန်းဝပ်စံပယ်တော်မူသော ကြေးဆင်းတုဗုဒ္ဓရုပ်ပွားတော်များ၏ လက်တော်များကို လွှဖြင့် ဖြတ်တောက်ခိုးယူခဲ့သည့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ကြေးဆင်းတုတော်များ၏ ဝဲဘက်လက်ကောက်ဝတ်အရင်းမှစ၍ လွှဖြင့် ဖြတ်တောက်ခိုးယူခံခဲ့ရခြင်းမှာ ဇူလိုင်လလယ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဩဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် တောင်ငူမြို့ အမှတ် (၁) မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်စဉ် ဆေးရုံနောက်ကျောဘက် ကျုံးပတ်လမ်း၌ မသင်္ကာဖွယ်တွေ့ရှိသည့် ကလေးငယ်ကို စစ်ဆေးရာ ပျောက်ဆုံးနေသည့် ဘုရားလက်တော်များကို အမည်းရောင်ပလတ်စတစ်အိတ်အတွင်း ထည့်ထားသည်ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကလေးငယ်၏ နောက်ကွယ်တွင် ခိုင်းစေသူများ ရှိ၊ မရှိနှင့် ခိုးယူသည့် ကြေးပစ္စည်းများအား လက်ခံဝယ်ယူသူများ ရှိ၊ မရှိ ဆက်လက်စုံစမ်းဖော်ထုတ်ပေးရန် လိုအပ်ကြောင်း လူမှုကွန်ရက်အသုံးပြုသူများက ပြောဆိုထားကြကြောင်း သိရသည်။

လက်ရှိတွင် ဘုရားရုပ်ပွားတော်များ၏ လက်တော်များကို ဖြတ်တောက်ခိုးယူခဲ့သည့် ကလေးငယ်အား ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့် တောင်ငူမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အလားတူ ဩဂုတ် ၂၂ ရက်တွင် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့ရှိ အုတ်ကျင်ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ဘုရားထီးတော်များကို အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးက ခိုးယူခဲ့သဖြင့် ဒေသခံများက ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။