(နိုင်ငံတကာ) ဩဂုတ် ၂၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက နည်းပညာကျွမ်းကျင်မှုမြင့်မားသည့် နိုင်ငံခြားသားအလုပ်သမားများအတွက် အသစ်ထုတ်ပေးမည့် H-1B ဗီဇာတစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၁၀၃,၂၆၅ ကောက်ခံမည့် စည်းမျဉ်းကို အမြဲတမ်းသတ်မှတ်ရန် အဆိုပြုချက်တစ်ရပ်ကို တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါအခကြေးငွေသည် ထရမ့်အစိုးရက ယမန်နှစ်တွင် ပထမဆုံး ယာယီသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တရားရုံးများ၌ ဥပဒေနှင့်ညီ၊ မညီ အငြင်းပွားနေဆဲဖြစ်သည်။
ဇွန်လတွင် ဖက်ဒရယ်တရားသူကြီးတစ်ဦးက အဆိုပါအခကြေးငွေသည် ဥပဒေနှင့်မညီကြောင်း ဆုံးဖြတ်ခဲ့ပြီး ထရမ့်အစိုးရအနေဖြင့် ကောက်ခံခြင်းကို တားမြစ်ခဲ့သည်။ ဘော့စတွန်အခြေစိုက် အယူခံတရားရုံးက ယင်းဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်နေပြီး အခြားတရားရုံးတစ်ခုကလည်း စီးပွားရေးလုပ်ငန်းအုပ်စုကြီးတစ်ခုက အခကြေးငွေကို စိန်ခေါ်ထားမှုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်နေသည်။
ထရမ့်အစိုးရ၏ ယာယီအခကြေးငွေ သတ်မှတ်ချက်သည် စက်တင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အမေရိကန်အမိမြေလုံခြုံရေးဌာနက Federal Register တွင် တနင်္လာနေ့ ထုတ်ပြန်ခဲ့သည့် အဆိုပြုစည်းမျဉ်းအရ ဒေါ်လာ ၁၀၃,၂၆၅ အဖြစ် အမြဲတမ်းသတ်မှတ်ရန် ရည်ရွယ်ထားသည်။ အဆိုပါစည်းမျဉ်းကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်နိုင်ဖွယ်ရှိသည်။
H-1B ဗီဇာအစီအစဉ်သည် အမေရိကန်ကုမ္ပဏီများအနေဖြင့် အထူးပြုကျွမ်းကျင်မှုလိုအပ်သည့် လုပ်ငန်းများတွင် လေ့ကျင့်သင်ကြားမှုနှင့် ကျွမ်းကျင်မှုရှိသည့် နိုင်ငံခြားသားအလုပ်သမားများကို ခန့်အပ်နိုင်ရန် ခွင့်ပြုပေးသည့်အစီအစဉ်ဖြစ်သည်။ နှစ်စဉ် H-1B ဗီဇာ ၆၅,၀၀၀ စောင်အပြင် အဆင့်မြင့်ဘွဲ့ရရှိထားသူများအတွက် နောက်ထပ် ၂၀,၀၀၀ စောင် ထုတ်ပေးသည်။ ဗီဇာသက်တမ်းမှာ ၃ နှစ်မှ ၆ နှစ်အထိ ဖြစ်သည်။
ထရမ့်၏ အခကြေးငွေသတ်မှတ်ချက် မထုတ်ပြန်မီ H-1B ဗီဇာအတွက် ပုံမှန်အခကြေးငွေမှာ အမေရိကန်ဒေါ်လာ ၂,၀၀၀ မှ ၅,၀၀၀ ခန့်သာ ရှိခဲ့သည်။
သို့သော် ယခုအဆိုပြုထားသည့် ဒေါ်လာ ၁၀၃,၂၆၅ အခကြေးငွေသည် အမေရိကန်တွင် ကျောင်းသားဗီဇာဖြင့် ရှိနှင့်ပြီးသား နိုင်ငံခြားသားများ H-1B ဗီဇာသို့ ပြောင်းလဲလျှောက်ထားခြင်းနှင့် လက်ရှိ H-1B ဗီဇာများ သက်တမ်းတိုးခြင်းတို့အပေါ် သက်ရောက်မည်မဟုတ်ကြောင်း သိရသည်။
H-1B ဗီဇာအစီအစဉ်အပေါ် အငြင်းပွားမှုများ ဆက်လက်ဖြစ်ပွား
ရီပတ်ဘလစ်ကန်ပါတီဝင် ထရမ့်နှင့် H-1B အစီအစဉ်ကို ဝေဖန်သူများက ကုမ္ပဏီများသည် အမေရိကန်အလုပ်သမားများ၏ နေရာတွင် လုပ်အားခပိုမိုသက်သာသည့် နိုင်ငံခြားသားအလုပ်သမားများကို အစားထိုးခန့်ထားရန် အဆိုပါအစီအစဉ်ကို အလွဲသုံးစားပြုနေကြသည်ဟု ဝေဖန်ထားသည်။
စီးပွားရေးလုပ်ငန်းအဖွဲ့များနှင့် ကုမ္ပဏီများကမူ အချို့သောလုပ်ငန်းများတွင် အရည်အချင်းပြည့်မီသည့် အမေရိကန်အလုပ်သမား မလုံလောက်မှုကို ဖြည့်ဆည်းရန်နှင့် အရည်အချင်းအမြင့်ဆုံး ကျွမ်းကျင်သူများကို အမေရိကန်စီးပွားရေးလုပ်ငန်းများက ခေါ်ယူနိုင်ရန် H-1B အစီအစဉ် လိုအပ်ကြောင်း ပြောဆိုထားသည်။
ဖေဖော်ဝါရီလကုန်အထိ တရားရုံးစာရွက်စာတမ်းများအရ အလုပ်ရှင် ၇၀ ခန့်က H-1B ဗီဇာလျှောက်လွှာ ၈၅ ခုအတွက် ဒေါ်လာ ၁၀၀,၀၀၀ အခကြေးငွေ ပေးဆောင်ထားကြောင်း သိရသည်။
ထရမ့်က အဆိုပါအခကြေးငွေ သတ်မှတ်ရာတွင် အမေရိကန်အကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် နိုင်ငံခြားသားအချို့၏ ဝင်ရောက်မှုကို ကန့်သတ်ရန် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ သမ္မတ၏ အာဏာကို အသုံးပြုခဲ့သည်။
အဆိုပါအခကြေးငွေကို အမေရိကန်၏ အကြီးဆုံးစီးပွားရေးလုပ်ငန်းများကို ကိုယ်စားပြုသည့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ဖြစ်သည့် U.S. Chamber of Commerce၊ ဒီမိုကရက်ပါတီဦးဆောင်သည့် ပြည်နယ်များနှင့် အလုပ်သမားသမဂ္ဂများ၊ အလုပ်ရှင်များ ပူးပေါင်းဖွဲ့စည်းထားသည့် အဖွဲ့တို့က တရားစွဲဆိုကာ စိန်ခေါ်ထားသည်။
ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး တင်းကျပ်မှုများကြားတွင် အလုပ်ရှင်များက ယမန်နှစ် H-1B ဗီဇာအတွက် ၃၄၄,၀၀၀ ခန့် စာရင်းပေးသွင်းခဲ့ကြပြီး ၂၀၂၄ ခုနှစ်ထက် ၂၅ ရာခိုင်နှုန်းကျော် လျော့နည်းခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် လျှောက်ထားခဲ့သည့် ၇၉၄,၀၀၀ ခန့်၏ ထက်ဝက်အောက်သာ ရှိခဲ့သည်။
ထရမ့်အစိုးရက H-1B လျှောက်ထားသူများအပေါ် ပိုမိုတင်းကျပ်သည့် စစ်ဆေးမှုများ ပြုလုပ်ရန် အမိန့်ပေးထားသည့်အပြင် ကျွမ်းကျင်မှုနှင့် လစာပိုမိုမြင့်မားသူများကို ဦးစားပေးမည့် ဗီဇာရွေးချယ်ရေးစနစ်အသစ်ကိုလည်း အဆိုပြုထားသည်။
ထို့အပြင် ဩဂုတ်လအစောပိုင်းတွင် အမေရိကန်အမိမြေလုံခြုံရေးဌာနက H-1B အလုပ်သမားများ၏ နေထိုင်ခွင့်သက်တမ်းတိုးခြင်း သို့မဟုတ် အခြားနိုင်ငံများတွင် အခြေစိုက်နေသည့် ဝန်ထမ်းများကို အမေရိကန်သို့ ပြောင်းရွှေ့ခန့်ထားခြင်းအတွက် လျှောက်လွှာအခကြေးငွေ ဒေါ်လာ ၄,၅၀၀ အထိ ထပ်မံသတ်မှတ်ခဲ့ကြောင်း သိရသည်။
