ဟော်မုဇ်ရေလက်ကြားတွင် ထရန့် ၏ “Project Freedom”စစ်ဆင်ရေးသည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းဖြစ်သည်ဟု တီဟီရန် သတိပေး

(နိုင်ငံတကာ)မေ ၄

     ​​အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေ လက်ကြားတွင် ပိတ်မိနေသော သင်္ဘောများကို လွတ် မြောက်စေရန် “Project Freedom” အမည်ရ စစ်ဆင် ရေးကို စတင်တော့မည်ဟု ကြေညာလိုက်ပြီးနောက် အီရန်ဘက်က ယင်းသည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။

​     သမ္မတထရန့်က တနင်္လာနေ့မှစ၍ ရေလက်ကြားအတွင်း ပိတ်မိနေသည့် နိုင်ငံတကာကုန်တင်သင်္ဘောများကို အမေရိကန်ရေတပ်က လမ်းပြ၍ ဘေးကင်းစွာ ပို့ဆောင်ပေးတော့မည်ဟု ဆိုသည်။ “ဒီသင်္ဘောတွေမှာ စားနပ်ရိက္ခာနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ပြတ်လပ်နေပါပြီ။ ဒီစစ်ဆင်ရေးကို နှောင့်ယှက်လာရင်တော့ စိတ်မကောင်းစွာနဲ့ပဲ အင်အားသုံးပြီး တုံ့ပြန်ရပါလိမ့်မယ်” ဟု ထရန့်က Truth Social တွင် ရေးသားခဲ့သည်။

​      အီရန်လွှတ်တော် အမျိုးသားလုံခြုံရေးကော်မရှင်ဥက္ကဋ္ဌ အီဘရာဟင် အဇီဇီက အမေရိကန်၏ မည်သည့်စွက်ဖက်မှုကိုမဆို ဧပြီလ ၇ ရက်က စတင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းအဖြစ် သတ်မှတ်မည်ဟု ဆိုသည်။ “ဟော်မုဇ်ရေလက်ကြားကို ထရန့်ရဲ့ စိတ်ကူးယဉ်ပို့စ်တွေနဲ့ စီမံလို့မရဘူး” ဟု ၎င်းက တုံ့ပြန်ခဲ့သည်။ လေ့လာသူများကမူ ဤစစ်ဆင်ရေးကြောင့် အမေရိကန်စစ်တပ်သည် အီရန်၏ ပစ်ခတ်မှုအကွာအဝေးအတွင်းသို့ ပိုမိုနီးကပ်လာနိုင်သည့်အတွက် စစ်မီးပြန်တောက်မည်ကို စိုးရိမ်နေကြသည်။

​      လက်ရှိတွင် အပြန်အလှန် ပိတ်ဆို့ထားမှုများကြောင့် အမေရိကန်၌ ဓာတ်ဆီစျေးမှာ တစ်ဂါလန်လျှင် ၄.၄၄ ဒေါ်လာအထိ မြင့်တက်နေပြီး ထရန့်အစိုးရအပေါ် လူထုမကျေနပ်မှုများ ရှိနေသည်။

     အီရန်က တင်ပြထားသော စစ်ပွဲအဆုံးသတ်ရေး ၁၄ ချက်ပါ အဆိုပြုချက်ကို သမ္မတထရန့်က ပယ်ချခဲ့သည်။ “ဒါဟာ ကျွန်တော့်အတွက် လက်ခံနိုင်စရာမရှိပါဘူး။ ကျွန်တော် အသေအချာလေ့လာပြီးပါပြီ၊ ဒါကို လက်မခံနိုင်ပါဘူး” ဟု ထရန့်က အစ္စရေးအများပြည်သူဆိုင်ရာ ရုပ်သံလိုင်း Kan သို့ ပြောကြားခဲ့သည်။

     အဆိုပါ ၁၄ ချက်ပါ အစီအစဉ်၏ အသေးစိတ်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း အီရန်အရာရှိများကမူ ၎င်းတို့အနေဖြင့် စစ်ပွဲကို အမြဲတမ်းအဆုံးသတ်ရန်နှင့် နျူကလီးယားဆိုင်ရာ ပိုမိုကျယ်ပြန့်သော ဆွေးနွေးမှုများ မပြုလုပ်မီ ၎င်းတို့၏ ဆိပ်ကမ်းများအပေါ် ပိတ် ဆို့ထားမှုကို ရုပ်သိမ်းပေးရန် အဓိကထား တောင်းဆိုနေခြင်းဖြစ်ကြောင်း ဆိုသည်။

     တစ်ချိန်တည်းမှာပင် အစ္စရေးသည် လက်ဘနွန်ကို ဆက်လက်ဗုံးကြဲတိုက်ခိုက်နေပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်း ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ဂါဇာဒေသတွင်လည်း “Orange Line” ဟုခေါ်သော နယ်မြေတစ်ခုကို သတ်မှတ်ကာ အစ္စရေးက ၎င်းတို့၏ ထိန်းချုပ်နယ်မြေကို တိုးချဲ့လိုက်ကြောင်း ကြေညာခဲ့သည်။

​#HormuzStrait #ProjectFreedom #Trump #IranWar #OilPrices #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN