(ပြည်တွင်း) မေ ၂
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့၊ ရပ်ကွက်ကြီး (၆) ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် တွင် ၂၀၂၆ ခုနှစ်၊ မေလ ၂ ရက်နေ့ နံနက် ၀၅ နာရီ ၁၅ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အထိ “Cherry Trail Run 2026 (Pyin Oo Lwin)” ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသခံပြည်သူများ၏ ကျန်းမာရေးနှင့် အားကစားလှုပ်ရှားမှုများ ပိုမိုစိတ်ဝင်စားလာစေရေးနှင့် ဒေသတွင်း အလုပ်အကိုင်နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကို ရည်ရွယ်၍ RUNDERFUL Myanmar Running Group နှင့် MARS Running Group တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဇော်၊ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲထူး နှင့် အဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ပြိုင်ပွဲတွင် ၁၆ ကီလိုမီတာ အမျိုးအစား၌ အားကစားသမား ကျား (၄၁၁) ဦး၊ မ (၂၄၀) ဦး နှင့် နိုင်ငံခြားသား (၁၁) ဦး ပါဝင်၍ စုစုပေါင်း (၆၆၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၃၆ ကီလိုမီတာ အမျိုးအစားတွင် ကျား (၂၂၈) ဦး၊ မ (၆၇) ဦး စုစုပေါင်း (၂၉၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲနှစ်မျိုးပေါင်း စုစုပေါင်း အားကစားသမား (၉၅၇) ဦးနှင့် ပွဲတက်ရောက်သူများအပါအဝင် လူဦးရေ (၁၁၀၀) ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲကို အမျိုးသားကန်တော်ကြီးဥယျာဉ် မှ စတင်တာလွှတ်ခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲသည် ဒေသတွင်း ခရီးသွားလုပ်ငန်းနှင့် အားကစားကဏ္ဍ တိုးတက်ရေးအတွက် အရေးပါသော လှုပ်ရှားမှုတစ်ရပ်ဖြစ်ကြောင်း သိရသည်။
#PAN