နေပြည်တော်တွင် ဝါးများတင်ဆောင်လာသည့် ၆ဘီးယာဥ်တိမ်းမှောက်မှုကြောင့် ဝါးခုတ်အလုပ်သမား ၁၇ဦး သေဆုံးပြီး ၂၉ဦး ထိခိုက်ဒဏ်ရာရ

(မှုခင်း) မေ ၂

နေပြည်တော်၊ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာနှင့် မိုးစွေကျေးရွာကြား၊ ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဝါးခုတ်အလုပ်သမား ၅၀ဦးနှင့် ဝါးများတင်ဆောင်လာသည့် ၆ဘီးယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေလ၂ရက်နေ့ မွန်းလွဲ၁နာရီ၅၀မိနစ်အချိန်ခန့်က ဥတ္တရသီရိမြို့နယ် လွင်သာယာကျေးရွာဘက်မှ မိုးစွေကျေးရွာဘက်သို့ဝါးများသယ်ဆောင်လာသည့် ယာဉ်မောင်း ဦးရန်လင်းကျော်၊ ၂၆ နှစ်၊ (ဘ)ဦးတင်မောင်ဝင်း၊ မင်းနောင်ကျေးရွာ၊ တောင်ညိုအုပ်စု၊ ဥတ္တရသီရိမြို့နယ်နေသူ မောင်းနှင်သည့် ယာဉ်အမှတ်၊ 8E/6964 ၊ Nissan(၆)ဘီး (အဖြူ/စိမ်း)ရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းသို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် ဝါးခုတ်အလုပ်သမား(၅၀)ဦးအနက် ဒဏ်ရာမရရှိသူ ၄ဦး၊ သေဆုံးသူ ၁၇ဦး ၊ ဒဏ်ရာရရှိသူ ၂၉ဦးရှိခဲ့ရာ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့အား ပရဟိတအသင်းယာဉ်များဖြင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ကုတင်-၁၀၀၀)သို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်ဒဏ်ရာရရှိသူ ၁၀ဦးအား တောင်ညိုတိုက်နယ်ဆေးရုံသို့ ပရဟိတအသင်း ယာဉ်များဖြင့် ပို့ဆောင်ပေးထားကြောင်း သိရသည်။

ယာဥ်တိမ်းမှောက်သေဆုံးသူ ၁၇ဦးမှာ ဥတ္တရသီရိမြို့ရှိ
အောင်ချမ်းသိမ်းကျေးရွာမှ ၅ဦး၊ မင်းနောင်ကျေးရွာမှ ၇ဦး၊ သက်မွေးစုကျေးရွာမှ ၃ဦး၊ သစ်စက်ကျေးရွာ ၁ဦး၊မရမ်းခုံကျေးရွာမှ ၁ဦးတို့ဖြစ်ပြီး ယာဉ်မောင်းဖြစ်သူ ရန်လင်းကျော်မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းသိရသည်။

ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ မိသားစုဝင်များအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးထွန်းထွန်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌတို့မှ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ကုတင်-၁၀၀၀)သို့ သွားရောက်ကြည့်ရှုခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

#PAN