တာချီလိတ်တွင် လိုင်စင်မဲ့ ဓာတုပစ္စည်းများ ဖမ်းမိ၊ အမျိုးသမီးတစ်ဦး ဖမ်းဆီးပြီး တစ်ဦးကို ဆက်လက်ရှာဖွေနေ

(မှုခင်း)ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် လိုင်စင်နှင့် ခွင့်ပြုချက်မရှိဘဲ သိုလှောင်ထားသည့် ဓာတုပစ္စည်းများကို တာဝန်ရှိသူများက ရှာဖွေဖမ်းဆီးရမိခဲ့ပြီး ပတ်သက်သူနှစ်ဦးအနက် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားကာ ကျန်တစ်ဦးကို ဆက်လက်ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

ဇူလိုင် ၂၁ ရက်တွင် တရားမဝင် ဓာတုပစ္စည်းများ သိုလှောင်ထားရှိကြောင်း သတင်းအရ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က ဟွေနမ့်လင်းကျေးရွာရှိ နေအိမ်တစ်လုံးအား ဝင်ရောက်စစ်ဆေးခဲ့ရာ Ethyl Vanillin အနံ့အမှုန့် ၅၀ ကီလိုဂရမ်ခန့်နှင့် အနံ့ဆေးရည် ၂၈၀ လီတာခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ အဆိုပါ ဓာတုပစ္စည်းများကို သိုလှောင်အသုံးပြုရန် လိုအပ်သည့် လိုင်စင်နှင့် ခွင့်ပြုချက် အထောက်အထားများ မရှိကြောင်း စိစစ်တွေ့ရှိခဲ့ကြောင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၆၁ နှစ်အရွယ် ဒေါ်တင်အေးကို ဖမ်းဆီးထားပြီး အသက် ၄၄ နှစ်အရွယ် ဇော်မြင့်ဝင်းမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအမှုကို တာချီလိတ်မြို့မရဲစခန်းတွင် ၂၀၁၃ ခုနှစ် ဓာတုဗေဒနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေအရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN