မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ဆောင်ရွက်နေသူများ ဖမ်းဆီးရမိ

(ပြည်တွင်း) ဧပြီ ၂၉

နိုင်ငံတော်အစိုးရက နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ဖြစ်စေသော အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ဆက်စပ်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရှိရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ဧပြီ ၂၉ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် တော်ရွက်ရပ်ကွက်၊ ဖွေဟုန်းနယ်မြေရှိ နေအိမ်တစ်လုံးအတွင်းမှ တရားမဝင်ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ ဖမ်းဆီးရမိရာတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၂၄ လုံး၊ All in One ကွန်ပျူတာ ၁၉ လုံး၊ TP Link ၁ လုံး၊ Wifi စက် ၆ လုံးတို့ကိုလည်း အတူတကွ သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ယင်းနေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဟိုမွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား ထပ်မံစစ်ဆေးရာ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား ၂၆ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများအားလည်း တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နောက်ကွယ်မှ ပါဝင်ပတ်သက်နေသူများကိုလည်း ဆက်လက် စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပြည်တွင်းအင်အားစုများသာမက အိမ်နီးချင်းနိုင်ငံများနှင့်လည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံသားများ ပါဝင်ပတ်သက်မှုရှိပါက လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုအရ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN