(ပြည်တွင်း) ဧပြီ ၂၉
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီတာဝန်ရှိသူများသည်ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မိတ္ထီလာမြို့နယ်အတွင်း ကန်တောင်ကျေးရွာ၊ ညောင်မြင့်ကျေးရွာနှင့် ခင်လူးကျေးရွာများရှိ ဒေသခံပြည်သူများနှင့် ရပ်မိရပ်ဖများကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်မိုး၊ မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆန်း၊ ဒေါ်သန်းသန်းအေး၊ မိတ္ထီလာခရိုင်ပါတီအတွင်းရေးမှူး ဦးရဲထွန်းနိုင်၊ မိတ္ထီလာမြို့နယ်ပါတီအတွင်းရေးမှူး ဦးဇေယျာဟိန်းနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်မိုးက လွှတ်တော်အတွေ့အကြုံများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရက်(၁၀၀) စီမံချက်ပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး လှူဒါန်းထားသည့် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သြဝါဒဆရာတော်ကြီးများမှ အနေကဇာတင်ထားသည့် ပန်းပေါင်းစုံဘုရားဆင်းတုတော်များနှင့် မိတ္ထီလာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များမှ လှူဒါန်းထားသည့် ဘုရားကျောင်းဆောင်များကို ဒေသခံပြည်သူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ပြီး မိမိတို့အနေဖြင့်လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယနေ့ခရီးစဉ်အတွင်း ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆရာတော်၊ သံဃာတော်များအား ဖူးမြှော်ကန်တော့ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။






#PAN