ပြည်ကြီးတံခွန်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေး

(ပြည်တွင်း) ဧပြီ ၂၉

ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ) ရပ်ကွက်၊ ၁၁၅ လမ်း၊ ၆၁×၆၂ လမ်းကြားရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီအချိန်အထိ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဖေမောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးသိန်းလွင်နှင့် ဦးတင်ထွန်းတို့အပြင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးအေး၊ အတွင်းရေးမှူး ဦးအောင်မျိုးခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များမှ မိတ်ဆက်စကားများ ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပြည်ကြီးတံခွန်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့ပြင် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက လက်ရှိကြုံတွေ့နေရသော အခက်အခဲများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြခဲ့ပြီး နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

#PAN