ဟင်္သာတမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးကိစ္စများ လွှတ်တော်ကိုယ်စားလှယ်များက ကွင်းဆင်းဆွေးနွေး


(ပြည်တွင်း) ဧပြီ ၂၃


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် အတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်များကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများ ပူးပေါင်းဆွေးနွေးသည့် တွေ့ဆုံပွဲများကို ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


နံနက် ၉ နာရီခွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးဟန်တို့ ဦးဆောင်၍ ဟင်္သာတမြို့ စစ်ကုန်းတိုက်နယ်၊ အင်းဓဝယ်အုပ်စု၊ မီးနင်းကျေးရွာရှိ မင်းကျောင်းဓမ္မာရုံတွင် စစ်ကုန်းအုပ်စုအတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖ ၃၅ ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲတွင် ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ယာယီဥက္ကဋ္ဌ ဦးအောင်ဇော်မျိုးနှင့် ပါတီကော်မတီဝင်များဖြစ်သည့် ဦးအောင်ကျော်ဌေး၊ ဦးဗိုလ်မြင့်နိုင်၊ ဦးအောင်အောင်နှင့် ဦးတင်သန်းတို့လည်း တက်ရောက်ခဲ့ကြပြီး စစ်ကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာများ၏ ဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။


ထို့နောက် တက်ရောက်လာသော ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့ကျေးရွာများတွင် ကြုံတွေ့နေရသော လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီတာဝန်ရှိသူများက ယင်းတင်ပြချက်များကို မှတ်သားကာ လိုအပ်သလို ဆက်လက်ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ တွေ့ဆုံပွဲကို မွန်းလွဲ ၁ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။


ထို့နောက် မွန်းလွဲ ၃ နာရီတွင် ဒူးယားမြို့သစ်၊ အုန်းပင်ကွင်းအုပ်စု၊ ရွှေတောင်သာရကျေးရွာရှိ ဓမ္မရုံတွင် ကျေးရွာနေပြည်သူ ၄၅ ဦးနှင့် ထပ်မံတွေ့ဆုံ၍ ကျေးရွာ၏ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ညနေ ၄ နာရီခန့်တွင် အစီအစဉ်များပြီးဆုံးကာ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

#PAN