ပါကစ္စတန်က ဒုတိယအကြိမ် အမေရိကန်-အီရန် ဆွေး နွေးပွဲအတွက် အသင့်ရှိနေသော်လည်း တင်းမာမှုများကြောင့် တီဟီရန် တက်ရောက်ရန် မသေချာသေး

(နိုင်ငံတကာ) ဧပြီ ၂၀

     ​အမေရိကန်နှင့် အီရန်အကြား ရှစ်ပတ်မြောက်ထဲသို့ ရောက်ရှိလာပြီဖြစ်သော စစ်ပွဲကို အဆုံးသတ်နိုင်ရန် ပါကစ္စတန်နိုင်ငံက ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်ခံကျင်းပရန် ပြင်ဆင်နေသော် လည်း လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဖြစ်ပွားခဲ့သည့် စစ်ရေးတင်းမာမှုများ မြင့်တက်လာခြင်းနှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးရန် နီးကပ်လာခြင်းတို့ကြောင့် ဆွေးနွေးပွဲအလားအလာမှာ စိုးရိမ်စရာ ဖြစ်နေသည်။


​     မြို့တော် အစ္စလာမ္မာဘတ်ရှိ “Red Zone” ဟု ခေါ်ဆိုသည့် အထူးလုံခြုံရေးဇုန်အတွင်းရှိ လမ်းများကို ပိတ် ဆို့ထားပြီး၊ ထောင်နှင့်ချီသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချထားသည်။ ပထမအကြိမ် ဆွေးနွေးပွဲကျင်းပခဲ့သည့် Serena ဟိုတယ်နှင့် Marriott ဟိုတယ်တို့မှ ဧည့် သည်များကို ထွက်ခွာခိုင်းထားပြီး ဆွေးနွေးပွဲအတွက် အသင့်ပြင်ဆင်ထားသော်လည်း အီရန်ဘက်က တက်ရောက်မည်ဟု အတည်မပြုသေးပေ။

​     ဆွေးနွေးပွဲအတွက် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ပါကစ္စတန်သို့ သွားရောက်နေပြီဖြစ်ကြောင်း သမ္မတ ထရန့်က ကြေညာခဲ့သော်လည်း၊ တစ်ဖက်တွင်လည်း အီရန်၏ စွမ်းအင်ကဏ္ဍကို ဗုံးကြဲမည်ဟု ထပ်မံခြိမ်း ခြောက်ခဲ့သည်။ ထို့ပြင် ယနေ့နံနက်ပိုင်းတွင် အီရန်ကုန်တင်သင်္ဘော “Touska” ကို အမေရိကန်ရေတပ်က စီးနင်းသိမ်းဆည်းလိုက်ခြင်းမှာ “ပင်လယ်ဓားပြလုပ် ရပ်” ဖြစ်ကြောင်း အီရန်က တုံ့ပြန်ထားသဖြင့် ဆွေး နွေးပွဲမစမီ အခြေအနေမှာ ပိုမိုတင်းမာသွားခဲ့သည်။

​     ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ရှရစ်ဖ်သည် အီရန်သမ္မတ ပီဇက်ရှ်ကီယန်ထံ ဖုန်းဖြင့် ဆက်သွယ်ကာ ၄၅ မိနစ်ကြာ ဆွေးနွေးခဲ့ပြီး၊ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို လက်ကိုင်ထားရန် တိုက်တွန်းခဲ့သည်။ အီရန်ဘက်ကမူ အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုများ ရှိနေသရွေ့ အပြုသဘောဆောင်သည့် ဆွေးနွေးပွဲ ဖြစ်လာရန် ခက် ခဲကြောင်း အချက်ပြထားသည်။

​     အကယ်၍ ဆွေးနွေးပွဲ ဖြစ်မြောက်ခဲ့ပါက ယခုဆွေးနွေးပွဲများသည် ပထမအကြိမ်နှင့်မတူဘဲ ရက် ပေါင်းများစွာ ကြာမြင့်နိုင်ပြီး၊ လာမည့်သီတင်းပတ်များနှင့် လများအတွင်း ပိုမိုကျယ်ပြန့်သော ညှိနှိုင်းမှုများပြုလုပ်နိုင်ရန် မူဘောင်တစ်ခုအပေါ် သဘောတူညီမှုရရှိရန် ရည်ရွယ်ထားသည်။

     လာမည့် ဗုဒ္ဓဟူးနေ့တွင် သက်တမ်းကုန်ဆုံးမည့် အပစ်အခတ်ရပ်စဲရေးကို ရက်ပေါင်း ၆၀ ခန့်အထိ သက် တမ်းတိုးနိုင်မည့် နားလည်မှုစာချွန်လွှာ (MoU) ရရှိရန် ကြားဝင်စေ့စပ်သူများက မျှော်လင့်နေကြသည်။ သို့သော် သမ္မတထရန့်ကမူ “သဘောတူညီချက်ကတော့ ရမှာပဲ၊ နည်းကောင်းနဲ့ဖြစ်ဖြစ် နည်းကြမ်းနဲ့ဖြစ်ဖြစ် ရအောင်ယူမယ်” ဟု အခိုင်အမာ ပြောကြားထားသည်။

​#USIranTalks #IslamabadSummit #DonaldTrump #CeasefireExtension #PakistanMediation #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN