ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းတိုက်တွင် ကျောင်းပေါင်း ၄၀,၀၀၀ မဟာသံဃဒါန လှူဒါန်းပွဲကြီး ကျင်းပမည်

(ပြည်တွင်း) ဧပြီ ၂၀

ထိုင်းနိုင်ငံရှိ ဓမ္မကာယကျောင်းတိုက်တွင် လာမည့် ဧပြီလ ၂၂ ရက်၌ ကျောင်းပေါင်း ၄၀,၀၀၀ မဟာသံဃဒါန လှူဒါန်းပွဲကြီးကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပွဲအတွက် လှူဒါန်းမည့်ပစ္စည်းများကို နေရာချခြင်းနှင့် ပြင်ဆင်မှုလုပ်ငန်းများကို သံဃာတော်များနှင့် စေတနာ့ဝန်ထမ်းများက ဝေယျာဝစ္စကုသိုလ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်း မဟာသံဃဒါနလှူဒါန်းပွဲတွင် တက်ရောက်၍ ကုသိုလ်ယူရန် မြန်မာနိုင်ငံမှ ဆရာကြီး ဒေါ်ရူပသိင်္ဂီ ဦးဆောင်သော သီလရှင်ဆရာကြီးနှင့် ဆရာလေးများ၊ တော်ဝင်မာတာဖောင်ဒေးရှင်းမှ သီလရှင်ဆရာကြီးများ၊ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တနင်္လာသန့်ရှင်းရေးအသင်းမှ ဒေါ်တင်တင်ဦး ဦးဆောင်သော သူငယ်ချင်းများအဖွဲ့တို့သည် ဧပြီလ ၁၈ ရက်က ဓမ္မကာယကျောင်းတိုက်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံအတွင်း နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့်လည်း အဆိုပါ မဟာသံဃဒါနလှူဒါန်းပွဲကြီးတွင် ဝေယျာဝေစ္စကုသိုလ်များ ပါဝင်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။