
(နိုင်ငံတကာ) ဧပြီ ၈
အမေရိကန်နှင့် အီရန်တို့အကြား နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း ပင်လယ်ကွေ့ဒေသအတွင်း၌ ဒရုန်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ အပစ်ရပ်စဲမှု သဘောတူညီချက်ရရှိပြီး နာရီပိုင်းအကြာမှာပင် ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ကူဝိတ်နှင့် ဘာရိန်းနိုင်ငံတို့က ၎င်းတို့၏ နယ်နိမိတ်အတွင်းသို့ တိုက်ခိုက်မှုများ ရောက်ရှိလာကြောင်း အသီးသီး သတင်းထုတ်ပြန်ခဲ့ကြသည်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကာကွယ် ရေးဝန်ကြီးဌာနက အီရန်ဘက်မှလာသော ပဲ့ထိန်းဒုံး ကျည်များနှင့် ဒရုန်းများကို လေကြောင်းရန်ကာကွယ် ရေးစနစ်ဖြင့် ကြားဖြတ်တိုက်ခိုက်နေရကြောင်း အတည်ပြုခဲ့သည်။ အဘူဒါဘီ ရှိ ဟာ့ဘ်ရှန် (Habshan) ဓာတ်ငွေ့စက်ရုံဝင်းအတွင်းသို့ ဒုံးကျည်အပျက်အစီးများ ကျရောက်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး စက်ရုံလုပ်ငန်းများကို ယာယီရပ်ဆိုင်းထားရသည်။ အလားတူ ဘာရိန်းနိုင်ငံ စစ်ထရာကျွန်းရှိ အဓိကစွမ်းအင်အဆောက်အအုံတစ်ခုတွင်လည်း တိုက် ခိုက်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အရပ် သားအချို့ ဒဏ်ရာရရှိခဲ့သည်။
ကူဝိတ်စစ်တပ်၏ ထုတ်ပြန်ချက်အရ နိုင်ငံတောင်ပိုင်းရှိ ရေနံလုပ်ငန်းခွင်များနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ပစ်မှတ်ထားသည့် အီရန်ဒရုန်း ၂၈ စင်းကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။ ယင်း တိုက်ခိုက်မှုများကြောင့် အခြေခံအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံကလည်း လွန်ခဲ့သည့် နာရီပိုင်းအတွင်း ၎င်းတို့၏ ဝေဟင်ပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်လာသော ဒရုန်းကိုးစင်းကို ပစ်ချနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။
အီရန်နိုင်ငံပိုင်ရုပ်သံလိုင်းက ယခုတိုက်ခိုက်မှုများကို အတည်ပြုခဲ့ပြီး၊ ၎င်းမှာ ဗုဒ္ဓဟူးနေ့က အီရန်နိုင်ငံအတွင်းရှိ လာဗန်ကျွန်း ရေနံချက်စက်ရုံနှင့် စီရီကျွန်းတို့ ဗုံးကြဲတိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းဖော်ပြခဲ့သည်။ ယင်းအချက်သည် အပစ်ရပ်စဲရေး သဘောတူညီချက်ရရှိထားသော်လည်း မြေပြင်တွင် တင်းမာမှုများ ရှိနေဆဲဖြစ် ကြောင်း ပြသနေသည်။
အပစ်ရပ်စဲရေး ကြေညာပြီးနောက်ပိုင်း တိုက်ခိုက်မှုများ ဆက်ရှိနေခြင်းမှာ အီရန်၏ စစ်ဘက်ကွပ်ကဲမှုစနစ်အတွင်း ဆက်သွယ်ရေးကွင်းဆက်များ လျော့ရဲနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ သို့သော်လည်း နှစ်ဖက်စလုံးက သံတမန်ရေးရာလမ်းစကို လိုလားနေကြသည့်အတွက် လာမည့်ရက်များအတွင်း အပစ်ရပ်စဲရေး ပြန်လည်ခိုင်မြဲလာရန် ပင်လယ်ကွေ့နိုင်ငံများက မျှော်လင့်နေကြသည်။
#GulfAttacks #IranUSCeasefire #UAE #Kuwait #SaudiArabia #EnergySecurity #MiddleEastNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN