

(မိုး/ဇလ) စက်တင်ဘာ ၇
စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်း မိုးလေဝသ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး ရှေ့လာမည့် ၂၄ နာရီအတွင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်းက နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ကာ မှတ်သားဖွယ်ရာ မိုးရေချိန်များအနေဖြင့် ပြင်ဦးလွင် (ဇီးပင်ကြီး) ၌ ၃.၉၀ လက်မ၊ ကျိုက္ခမီမြို့၌ ၃.၃၈ လက်မ၊ မော်လမြိုင်မြို့၌ ၂.၉၅ လက်မ၊ ထားဝယ်မြို့နှင့် မုဒုံမြို့တို့၌ ၂.၈၀ လက်မစီ၊ မဒေါက်မြို့၊ မြိတ်မြို့နှင့် ကျိုက်မရောမြို့တို့၌ ၂.၅၂ လက်မစီ၊ ရမည်းသင်းမြို့၌ ၂.၄၄ လက်မနှင့် နေပြည်တော် (ဇေယျာသီရိမြို့နယ်) ၌ ၁.၉၆ လက်မတို့ ဖြစ်ကြသည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်များအရ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။ ထို့အပြင် နောက် ၂ ရက်အတွက် ခန့်မှန်းချက်တွင်လည်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက် ပိုနေမည်ဖြစ်သည်။
လက်ရှိတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတို့အပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိရာ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ ကြိုတင်သတိပြုကြရန် အကြံပြုထားသည်။
မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၇ ပေမှ ၉ ပေခန့်အထိ ရှိနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။