မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး တတိယနေ့ကျင်းပ၊ ဝန်ကြီးချုပ်အမည်တင်သွင်းမှုအပါအဝင် ဝန်ကြီးဌာန ၇ ခုအား အတည်ပြု

(ပြည်တွင်း) ဧပြီ ၆

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် မကွေးမြို့ရှိ လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ခဲ့သဖြင့် အစည်းအဝေးကို အထမြောက်ကြောင်း ကြေညာခဲ့သည်။

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့သို တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်များအား လွှတ်တော်က မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အသိပေးပြောကြားပြီး နိုင်ငံတော်သမ္မတက အဆိုပြုထားသည့် မကွေးမဲဆန္ဒနယ် အမှတ် (၂) မှ ဦးတင်ကိုကို ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေး လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီခဲ့ကြသည့်အတွက် ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုသော မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် ဝန်ကြီးဌာန (၇) ခု ဖွဲ့စည်းရန် အဆိုပြုချက်ကိုလည်း လွှတ်တော်က အတည်ပြုခဲ့ကြောင်းသိရသည်။

အဆိုပါ ဝန်ကြီးဌာနများတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်း ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန ၊ လျှပ်စစ် ၊ စွမ်းအင် ၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ စည်ပင်သာယာရေးဝန်ကြီးဌာန စသည့် ဝန်ကြီးဌာနများ ပါဝင်သည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော် တရားသူကြီး (၃) ဦး ခန့်အပ်နိုင်ရေးအတွက်လည်း လွှတ်တော်က သဘောတူညီခဲ့ပြီး ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်ပြသွားမည်ဖြစ်သည်။

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများစိစစ်ဆောင်ရွက်ရေးကော်မတီနှင့် တိုင်းဒေသကြီးလွှတ်တော်လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာကော်မတီများ ဖွဲစည်းနိုင်ရေးအတွက် ကြေညာပြီး ရေနံချောင်းမဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဝင်းက တိုင်းဒေသကြီးလွှတ်တော်ပြည်သူ့ရေးရာနှင့် တိုင်ကြားစာများ ၊ အသနားခံစာများစိစစ်ဆောင်ရွက်ရေးကော်မတီ၏ အဖွဲဝင်ဦးရေ ၊ တာဝန် ၊ လုပ်ပိုင်ခွင့် ၊ ရပိုင်ခွင့်များ ၊ သက်တမ်းတိုနှင့် စပ်လျဉ်း၍လည်းကောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ကျော်သန်းဆွေက တိုင်းဒေသကြီးလွှတ်တော်လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကော်မတီ၏ အဖွဲဝင်ဦးရေ ၊ တာဝန် ၊ လုပ်ပိုင်ခွင့် ၊ ရပိုင်ခွင့်များ ၊ သက်တမ်းတိုနှင့်စပ်လျဉ်း၍လည်းကောင်း တိုင်းဒေသကြီးလွှတ်တော်သို တင်ပြကာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက်ရယူရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီကြသည့်အတွက် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာသည်။

ယင်းကော်မတီများတွင် မင်းတုန်းမြို့နယ်မှ ဦးသိန်းဇော် ကို ပြည်သူ့ရေးရာနှင့် တိုင်ကြားစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ငဖဲမြို့နယ်မှ ဦးအောင်နိုင်လင်း ကို လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌအဖြစ်လည်းကောင်း အသီးသီး တာဝန်ပေးအပ်ခဲ့ပြီး ယင်းကော်မတီများတွင် အဖွဲ့ဝင် ၉ ဦးစီပါဝင်ကြောင်း သိရသည်။

အစည်းအဝေးကို ယနေ့တွင် ရပ်နားခဲ့ပြီး စတုတ္ထနေ့အစည်းအဝေးကို ဧပြီ ၇ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

#PAN