(နိုင်ငံတကာ) ဧပြီ ၄
အီရန်နိုင်ငံ၊ ကာရတ်ချ် (Karaj) မြို့ရှိ အရပ်သားများ အသုံးပြုနေသည့် B1 ကေဘယ်ကြိုးဆိုင်းတံတားအား အမေရိကန်က ဒုံးကျည်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်အထိ ကလေးငယ်များအပါအဝင် အရပ်သား ၁၃ ဦး သေဆုံးကာ ၉၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း သိရှိရပါသည်။
တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် တံတားပေါ်ရှိ ကလေးငယ်များ၏ အသည်းခိုက်အောင် အော်ဟစ်ငိုယိုသံများဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ပရမ်းပတာဖြစ်ခဲ့ရပြီး မိဘပြည်သူများ စိတ်နှလုံးထိခိုက်ဖွယ်ရာ မြင်ကွင်းများ ဖြစ်ပေါ်ခဲ့ပါသည်။
အဆိုပါ B1 ဆိုင်းတံတားကြီးသည် တီဟီရန်မြို့ အနောက်တောင်ဘက်ရှိ အီရန်နိုင်ငံ၏ အထင်ကရ အခြေခံအဆောက်အအုံတစ်ခုဖြစ်ပြီး အမေရိကန်၏ ဒုံးကျည်နှစ်ကြိမ်တိုင်တိုင် ထိမှန်မှုကြောင့် တံတားကြီး ပြိုကျပျက်စီးခဲ့ရခြင်း ဖြစ်သည်။
အမေရိကန်သမ္မတ ထရမ့်က ၎င်းတို့အနေဖြင့် မဟာဗျူဟာမြောက် အောင်မြင်မှုရရှိခဲ့ကြောင်းနှင့် တံတားအား ပြန်လည်အသုံးပြု၍မရအောင် ဖျက်ဆီးနိုင်ခဲ့ကြောင်း လူမှုကွန်ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သော်လည်း အီရန်အစိုးရကမူ ၎င်းလုပ်ရပ်သည် အရပ်သားများကို တိုက်ရိုက်ပစ်မှတ်ထားသည့် လူသားချင်းစာနာမှုကင်းမဲ့သော လုပ်ရပ်ဖြစ်ကြောင်း ပြင်းထန်စွာ တုံ့ပြန်ရှုတ်ချထားပါသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူ ၉၅ ဦးကို နီးစပ်ရာဆေးရုံများသို့ အရေးပေါ် ပို့ဆောင်ထားရပြီး သေဆုံးသူအရေအတွက်မှာ ယခုထက် ပိုမိုတိုးပွားလာနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဖော်ပြထားပါသည်။
အမေရိကန်၏ ယခုကဲ့သို့ အရပ်သားအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုအပေါ် နိုင်ငံတကာဥပဒေပညာရှင်များကလည်း စိုးရိမ်မကင်းဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။