(နိုင်ငံတကာ) ဧပြီ ၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဗုဒ္ဓဟူးနေ့ညနှောင်းပိုင်းတွင် အီရန်စစ်ပွဲနှင့် ပတ်သက်၍ နိုင်ငံ တော်သို့ မိန့်ခွန်းပြောကြားခဲ့သော်လည်း၊ အဆိုပါမိန့်ခွန်းတွင် ထူးခြားသော စစ်ရေးအလှည့်အပြောင်း သို့မဟုတ် စစ်ပွဲအဆုံးသတ်ရေး အသေးစိတ်အစီ အစဉ်များ ပါဝင်လာခြင်းမရှိဘဲ ယခင်က ပြောကြားနေကျ စကားရပ်များကိုသာ ထပ်ခါတလဲလဲ ပြောဆိုသွားခဲ့သဖြင့် နိုင်ငံရေးလေ့လာဆန်းစစ်သူများ၏ ဝေဖန်မှုကို ခံနေရသည်။
အိမ်ဖြူတော်က သမ္မတ ထရန့်၏ မိန့်ခွန်းကို ကြေ ညာခဲ့စဉ်က စစ်ပွဲရပ်စဲရေး သို့မဟုတ် မြေပြင်ကျူး ကျော်စစ် အရှိန်မြှင့်တင်ရေးကဲ့သို့သော အရေးကြီးသည့် ကြေညာချက်များ ပါဝင်လာလိမ့်မည်ဟု အများက မျှော်လင့်ခဲ့ကြသည်။ သို့သော် မိနစ် ၂၀ ပင် မပြည့်သည့် ၎င်း၏ မိန့်ခွန်းတွင် ထရန့်သည် ပြီးခဲ့သည့် ရက်သတ္တပတ်များစွာကတည်းက ၎င်းနေ့စဉ်ပြောဆိုနေသည့် ”ဤစစ်ပွဲသည် အမေရိကန်အတွက် မဖြစ်မနေ လိုအပ်သည်” ၊ ”စစ်ပွဲကို လက်ရှိတွင် အနိုင်ရရှိနေပြီဖြစ်သည်” ၊ ”စစ်ရေးရည်မှန်းချက်များအတွက် စစ်ပွဲကို ဆက်လက်ဆင်နွှဲရမည်” ၊ ”စစ်ပွဲသည် အလွန်မကြာမီအချိန်အတွင်း ပြီးဆုံးတော့မည်” စသည့် ၄ ချက်ကိုသာ ထပ်မံရွတ်ပြသွားခဲ့သည်။
ဂျော့ချ်ဝါရှင်တန်တက္ကသိုလ်မှ အရှေ့အလယ်ပိုင်းနိုင်ငံရေးဆိုင်ရာ လက်ထောက်ပါမောက္ခ စီနာ အာဇိုဒီ (Sina Azodi) က “ဒီမိန့်ခွန်းမှာ ဘာရည်ရွယ်ချက်မှ ရှိတယ်လို့ ကျွန်တော်မထင်ပါဘူး။ သူ ဘာကိုလုပ်ချင်တယ်၊ ဘာကို ဖော်ပြချင်တယ်ဆိုတာကိုလည်း ကျွန်တော် နားမလည်နိုင်ပါဘူး။ ဒါဟာ အတိတ်က သူပြောခဲ့သမျှတွေကို ပြန်ရွတ်ပြနေတာသက်သက်ပါပဲ” ဟု Al Jazeera သို့ ပြောကြားခဲ့သည်။
အလားတူပင် Quincy Institute ၏ ဒုတိယဥက္ကဋ္ဌ ထရီတာ ပါစီ (Trita Parsi) ကလည်း “ဒီမိန့်ခွန်းဟာ ပြီးခဲ့တဲ့ ရက်ပေါင်း ၃၀ အတွင်း သူတင်ခဲ့တဲ့ Twitter (X) ပို့စ်တွေကို အချိန်ကာလ အစဉ်လိုက်အတိုင်း ပြန်ပြီး အကျဉ်းချုပ် ရွတ်ပြသွားတာပါပဲ။ အသစ်အဆန်း ဘာမှမပါဝင်ဘူးဆိုတဲ့ အချက်ကပဲ သူ့မှာ လက်တွေ့ကျတဲ့ အစီအစဉ် (Plan) အတိအကျ ဘာမှမရှိဘူးဆိုတာကို အထင်အရှား ဖော်ပြနေတာဖြစ်ပါတယ်” ဟု ဝေဖန်ခဲ့သည်။
သမ္မတ ထရန့်သည် အီရန်က နျူကလီးယားလက် နက် ထုတ်လုပ်နေခြင်းကြောင့် စစ်ပွဲဆင်နွှဲရခြင်းဖြစ် သည်ဟု အမေရိကန်ပြည်သူများကို စည်းရုံးပြောဆိုခဲ့သော်လည်း၊ ၎င်းကိုယ်တိုင်ကပင် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းက တိုက်ခိုက်မှုများဖြင့် အီရန်၏ နျူကလီး ယားစီမံကိန်းကို “အမြစ်ပြတ် ချေမှုန်းခဲ့ပြီးဖြစ်သည်” ဟု အစောပိုင်းတွင် ပြောကြားခဲ့ဖူးသည်။ ထို့အပြင် ၎င်းခန့်အပ်ထားသော ထောက်လှမ်းရေးညွှန်ကြားရေးမှူး တူလ်စီ ဂတ်ဘတ် (Tulsi Gabbard) ကလည်း အီရန်တွင် နျူကလီးယားလက်နက် မရှိကြောင်း လွှတ် တော်တွင် အတည်ပြုခဲ့ဖူးသဖြင့် ထရန့်၏ အကြောင်း ပြချက်များမှာ ရှေ့နောက်မညီ ဖြစ်နေသည်။
လက်ရှိတွင် အမေရိကန်သမ္မတသည် “ကျွန်တော်တို့ ဒီအလုပ်ကို အပြီးသတ်တော့မှာပါ။ အောင်မြင်ဖို့ အရမ်းနီးစပ်နေပါပြီ” ဟုသာ ဆိုနေသော်လည်း၊ စစ်ပွဲသည် လက်တွေ့တွင် မည်သို့အဆုံးသတ်မည် သို့မဟုတ် အီရန်နှင့် မည်သို့သော သဘောတူညီချက်မျိုးကို ရယူလိုသည်ဆိုသည့် အသေးစိတ်အချက် အလက်များကိုမူ ချပြနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် အရှေ့အလယ်ပိုင်း စစ်ပွဲသည် ပိုမိုရှည်ကြာသွားနိုင်သည်ဟု စစ်ရေးလေ့လာသူအချို့က စိုးရိမ်နေကြသည်။
#TrumpSpeech #IranWarUpdate #PoliticalCritique #NoNewPlan #MiddleEastConflict #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN