ကျိုင်းတုံမြို့နယ် နှင့် မိုးညှင်းမြို့နယ်များတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) ဧပြီ ၂

ကျိုင်းတုံမြို့နယ် နှင့် မိုးညင်းမြို့နယ်များတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဧပြီလ ၁ရက်နေ့မွန်းလွဲ ၂ နာရီ ၃၅ မိနစ်အချိန်တွင် ကျိုင်းတုံမြို့နယ်၊ ဝမ်ကျွမ်ကျေးရွာနေ စိုင်းလုံတစ်(ခ)စိုင်းပုံ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၄၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၃၀ရက်နေ့ မွန်းလွဲ ၁နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ ပင်လုံ – မော်ဟဲကျေးရွာသွားလမ်းတွင် အောင်ကျော်ကျော်(ခ)ဖိုးအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်ရှိ ခြင်းတောင်းများအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၈,၄၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁,၀၂၆ သိန်း)နှင့် မြန်မာငွေကျပ် ၁ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ သံသယရှိသူများကို သက်ဆိုင်ရာ မြို့မရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။