(ကျန်းမာရေး) ဧပြီ ၁
၂၀၂၆ ခုနှစ် ရိုးရာအတာသင်္ကြန်ပွဲတော်ကာလအတွင်း မိဘပြည်သူများ ကျန်းမာရေးနှင့်အညီ လုံခြုံစွာ ပျော်ရွှင်နိုင်ရေးအတွက် လိုက်နာသင့်သည့် ကျန်းမာရေးအသိပေးချက်များကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။

အသိပေးချက်တွင် နေရောင်ပြင်းထန်ချိန်များတွင် အပူဒဏ်မှ ကာကွယ်ရန် အရိပ်ရနေရာများတွင် နားနေကြရန်၊ အပြင်ထွက်ပါက ထီးနှင့် ဦးထုပ်များ အသုံးပြုရန်နှင့် ရေဓာတ်ခန်းခြောက်မှု မဖြစ်စေရန် သန့်ရှင်းသော သောက်ရေများ မကြာခဏသောက်သုံးကြရန် တိုက်တွန်းထားသည်။ ထို့အပြင် အရက်သောက်သုံးခြင်းသည် အပူဒဏ်ကို ပိုမိုပြင်းထန်စေနိုင်သဖြင့် အထူးသတိပြုရန်လည်း အသိပေးထားသည်။
ရေကစားရာတွင်လည်း ရေမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများမှ ကာကွယ်နိုင်ရေးအတွက် သန့်ရှင်းသောရေကိုသာ အသုံးပြုရန်၊ ရေကို မသောက်သုံးရန်နှင့် မျက်လုံး၊ နား၊ ပါးစပ်အတွင်းသို့ ရေမဝင်စေရန် သတိပြုကြရန် တိုက်တွန်းထားသည်။ အားပြင်းသော ရေပန်းများဖြင့် မျက်နှာကို တိုက်ရိုက်ပက်ခြင်းမှလည်း ရှောင်ကြဉ်ရန် အကြံပြုထားသည်။
ထို့ပြင် စိုစွတ်နေသော လမ်းများတွင် ချော်လဲမှုမဖြစ်စေရန် သတိထားကြရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာရန်၊ အရက်သောက်ပြီး ယာဉ်မောင်းနှင်ခြင်းမှ လုံးဝရှောင်ကြဉ်ရန်လည်း ထည့်သွင်းအသိပေးထားသည်။
တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် လက်များကို မကြာခဏ ဆေးကြောရန်၊ လတ်ဆတ်ပြီး သန့်ရှင်းသော အစားအစာများကိုသာ စားသုံးရန်နှင့် အစားအသောက်ရောင်းချသူများအနေဖြင့်လည်း အစားအစာများကို ယင်နားခြင်းနှင့် အညစ်အကြေးများ မဝင်ရောက်နိုင်ရန် စနစ်တကျ ဖုံးအုပ်ထားရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာများ ဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း သို့မဟုတ် ပြည်သူ့ဆေးရုံများသို့ အမြန်ဆုံး ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း သိရသည်။
#PAN