“ဝင်းဝတံတား ပြန်လည်ထိန်းချုပ်နိုင်ပြီး ထားဝယ်-မြိတ် လမ်းကြောင်း ပြန်ဖွင့်”


(ပြည်တွင်း) ဧပြီ ၁

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်ရှိ ထားဝယ်-မြိတ်သွား ကားလမ်းမကြီးပေါ် အဓိကအချက်အချာဖြစ်သည့် ဝင်းဝတံတားကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဆက်သွယ်ရေးလမ်းကြောင်းကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။


အဆိုပါနေရာတွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ KNLA နှင့် PDF အဖွဲ့ဝင်များက Drone များအသုံးပြု၍ တံတားလုံခြုံရေး တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ပြီး တံတားနှင့် အနီးပတ်ဝန်းကျင်ကို ယာယီစိုးမိုးကာ လမ်းကြောင်းပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။


အင်အားအလုံးအရင်းဖြင့်လာရောက်တိုက်ခိုက်သည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း အင်အားမမျှသဖြင့် မတ်လ ၁၂ ရက်တွင် ဂုံညင်းဆိပ်နေရာသို့ စနစ်တကျ ဆုတ်ခွာကာ တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ ပြန်လည်စုဖွဲ့ပြင်ဆင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်လည်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မတ်လ ၂၈ ရက်တွင် စီတောကျေးရွာ၊ မတ်လ ၂၉ ရက်တွင် ရေချိုချောင်းကျေးရွာနှင့် မတ်လ ၃၀ ရက်တွင် ပွိုင့်-၁၆၈ တောင်ကုန်းနှင့် ချောင်းဝပြင်ကျေးရွာတို့ကို အဆင့်ဆင့် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

မတ်လ ၃၁ ရက်တွင် ဝင်းဝရဲစခန်းဟောင်းနေရာနှင့် ဝင်းဝတံတားအနီးတဝိုက်ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သဖြင့် ထားဝယ်-မြိတ် လမ်းကြောင်းပေါ်တွင် ခရီးသွားပြည်သူများနှင့် ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ယင်းလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်းကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုများလည်း ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရပြီး ဒေသခံများအနေဖြင့်လည်း အဆင်ပြေချောမွေ့မှုများ ရရှိလာမည်ဟု မျှော်လင့်နေကြကြောင်း သိရသည်။

#PAN