
(နိုင်ငံတကာသတင်းဆောင်းပါး)မတ် ၂၉
နေဇင်လတ်
ဒီနေ့အမေရိကန် – အီရန်စစ်ပွဲမှာဘက် နှစ်ဘက်သိ သိသာသာကွဲလာတယ်။ နိုင်ငံရေးဘက်မှာရော နှစ်ဘက်ကွဲသွားသလို၊ ဘာသာရေးအရလည်းနှစ်ဘက်ကွဲတယ်။ အမေရိကန်ထဲမှာကို အီရန်ကို ကျူးကျော်တယ်ဆိုပြီး ထရမ့်ကို ဆန္ဒပြကြတာတွေရှိတယ်။ ဒီမိုတွေအဆိုးဆုံးပေါ့။ ဒီမိုဘက်ကသမ္မတဖြစ်စဉ်မှာရောအခုလို အရှေ့အလယ်ပိုင်းကိုမတိုက်ခဲ့ဘူးလား လို့မေးရင် နှုတ်ဆွံ့သွားကြလိမ့်မယ်။
ပြောရရင်တော့ တစ်ဖက်ကကြည့်ရင်လက်ဖမိုးနဲ့အခြားတစ်ဖက်က ကြည့်ရင်လက်ဖဝါးလိုပါပဲ။ ကြက်ဥနဲ့ ကြက်မဇာတ်လမ်းလို့လည်းပြောလို့ရလိမ့်မယ်။ အင်ပါယာ၊ ရာဇမာန်ရှိတယ်။
အီရန်ဆိုတာ တစ်ချိန်က ပါရှားအင်ပါယာ။ ရာဇ မာန်ရှိတယ်။ အခုတော့ အိမ်နိမ့်စံ။သူ့မှာလည်းဒေသတွင်းအိပ်မက်လောက်တော့ ရှိပေမပေါ့။ အမေရိကန်ဘက်ကကြည့်ရင် ဗြိတိသျှဆီကလွတ်လပ်ရေးရပြီး ကမ္ဘာကြီးနဲ့ အဆက်အစပ် မရှိချင်လို့သီးခြားဧကစာရီကျင့်ကြံနေတာ၊ ဌာနေလူနီရိုင်းတွေကို မျိုးတုံးသတ် ဖြတ်ပြီး သမိုင်းဖျောက်တဲ့ ဗီဇနဲ့ အမေရိကန်ဆိုပြီး မွေးဖွားလာတာ။
ပထမကမ္ဘာစစ်မှာ လက်နက်တွေ ကန်ထရိုက်နဲ့ထုတ်လုပ်ပေးပြီး ကြီးပွားလာမှုဟာ ဥပုသ်စောင့်နေတဲ့ ကျားရဲ့ လျှာပေါ်ကို သွေးစက်ချပေးလိုက်သလိုဖြစ်စေခဲ့တယ်။ ဒုတိယကမ္ဘာစစ်မှာ လက်နက်ထုတ်ရောင်းနေတဲ့ အမေရိကန်ရဲ့ပုလဲဆိပ်ကမ်းကို ဂျပန်ဗုံးကြဲလို့ စစ်ထဲပါလာတာ။ ကျားက သွေးစက်အမြည်းကနေအသားရော၊အဆီပါစားရတဲ့အရသာသိသွားခဲ့တယ်။
ဗြိတိသျှတွေစစ်ထောင်းပြီး စီးပွားရေးကျတော့ အမေရိကန်တက်လာတယ်။ ရာဇမာန်ကြီးလာတယ်။ အင်အားကြီးရင် အင်အားပြတာ၊ ဗိုလ်ကျတာ သဘာဝပဲ။ ပြိုင်လာမယ်ထင်တဲ့သူကို နှိပ်ကွပ်ရတာသူ့သမိုင်းပေးတာဝန်၊ ခြိမ်းခြောက်နိုင်ခြေရှိသူကို နှိမ်နင်းရတာလဲ အလိုလိုပခုံးပေါ်ရောက်လာရတဲ့တာဝန်။ အီရန်ဘက်က ကြည့်ပြန်ရင်လည်း စိတ် ကွက်တိုင်းထိပ်ခေါက်ခံနေရတာကို ငြိမ်ခံနေရမလား။
မတူတဲ့အကျိုးစီးပွားတွေ
အမေရိကန်က ကမ္ဘာ့စူပါ ပါဝါအဆင့်၊ အီရန်က ဒေသတွင်းပါဝါရှင်(Regional power)၊ အဆင့်ချင်းမတူညီကြဘူး။ ဒါပေမဲ့ တစ်ချိန်မှာ အီရန်က အနုမြူကိုပိုင်သွားရင် အမေရိကန်ကိုခြိမ်းခြောက်နိုင်တယ်လို့တွက်ထားတယ်။ အမေရိကန်က အီအခြေအနေကိုမလိုချင်ဘူး။
၁၉၇၃ မှာ ရေနံအကြပ်အတည်း ဖြစ်ခဲ့ကြတယ်။ ရေနံထွက်နိုင်ငံတွေက အမေရိကန်ကို Sanction ပြန်လုပ်တယ်။ အမေရိကန်နဲ့ ရင်းနှီးတဲ့နိုင်ငံတွေကို ရေနံရောင်းမပေးဘူးလို့အကြပ်ကိုင်လိုက်တယ်။ ရေနံဈေးက $ 2.0 / barrel ကနေ 3.8 / barrel အထိခုန်တက်သွားလို့ စက်မှုနိုင်ငံတွေ အကြီးအကျယ် ဒုက္ခများခဲ့ဖူးတယ်။သဲကန္တာရထဲမှာ ကုလားအုတ်စီး၊ စွန်ပလွံကိုက်တဲ့ ဘာမဟုတ်ကောင်တွေက ရေနံထွက်လို့ ငါ့လို ဧကရာဇ်ကိုအာခံတယ်ဆိုပြီး အမေရိကန်က သူ့ခွေးသားရေပိုက်ထဲမှာ တစ်ခါတည်းမှတ်သွားခဲ့တယ်။
၁၉၉၁ ဆိုဗီယက်ယူနီယံ ဗုန်းဗုန်းကျတော့ အမေရိကန်က အရှေ့အလယ်ပိုင်းကို မျက်စောင်းလှည့်ထိုးတော့တာပဲ။ တရုတ်က ဘာမှမဟုတ်သေးဘူး၊ ရုန်းရ ကန်နေရတုန်း။ George Bush သမ္မတကာလမှာ ၉-၁၁ ဖြစ်တယ်။ ကမ္ဘာ့ကုန်သွယ်ညီနောင်အဆောက်အဦးအကြမ်းဖက်ခံလိုက်ရတာ အယ်ခိုင်ဒါ လက်ချက်လို့ တံဆိပ်တပ်လိုက်တယ်။ ခေါင်းဆောင်အိုစမာဘင်လာဒင်ရှိတဲ့ အာဖဂန်နစ္စတန်ကိုတိုက်တယ်။ ပြီးတော့အရှေ့အလယ်ပိုင်းထဲက အီရတ်ကိုတိုက်တယ်။
အကြောင်းပြချက်က အီရတ်မှာ လူအများအပြားကိုသေစေနိုင်တဲ့လက်နက် WMD-Weapon of Mass Destruction ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့။ ဂျာမနီနဲ့ ပြင်သစ်က တားသေးတယ်၊ မရဘူး။ အီရတ်အစိုးရဆဒမ်ဟူစိန်ပြုတ်ကျသွားပြီး နိုင်ငံတွင်းပြည်တွင်းစစ်က ဒီနေ့အထိဖြစ်နေဆဲ။ WMD ကိုလည်း မပြနိုင်ခဲ့ဘူး။အဲ့ဒီကတစ်ဆင့် လစ်ဗျားက ကဒါဖီကိုဖြုတ်ချပြန်တယ်။ အီဂျစ်မှာ Color Revolutionဖန်တီးလိုက်တယ်။ ရွေး ကောက်ပွဲလုပ်တော့ အမေရိကန် မမျှော် လင့်တဲ့ Muslim Brotherhood အနိုင်ရတယ်။ အမေရိကန်နဲ့အဆင် မပြေလေတော တစ်နှစ်ပဲခံပြီး ဗိုလ်ချုပ်ကြီးစီစီ ကအာဏာသိမ်းလိုက်တယ်။ ဗိုလ်ချုပ်ကြီးစီစီဆိုတာ အရာရှိငယ်ဘဝမှာ အမေရိကန်မှာ သင်တန်းတက်ခဲ့သူ။
အဲဒီကတစ်ဆင့် ဆီးရီးယားကို စစ်မီးကူးစက်သွားတယ်။ ရည်ရွယ်ချက်ကတော့ အရှေ့အလယ်ပိုင်းဒေသကြီးတစ်ခုလုံး မီးဟုန်းဟုန်းတောက်ရေးပဲ။ အမေရိကန်ရဲ့ Hidden agenda မှာ အရှေ့အလယ်ပိုင်းက ရေနံဗဟိုချက်၊ အကြပ်ပြန်ကိုင်နိုင်တဲ့ လက်နက်အဖြစ် အမေရိကန်က ရှုမြင်ထားတယ်။
– မွတ်စလင်ဦးရေက အလွန်အမင်းတိုးပွားလာနေတယ်။
– ရေနံနဲ့ လူဦးရေက တစ်ချိန်မှာ အမေရိကန်ကိုရော၊ ခရစ်ယာန်တွေကိုရော ခြိမ်းခြောက်လာနိုင်တယ်လို့ယူဆထားတယ်။
ခုနစ်နိုင်ငံဖြိုရေး အာဂျင်ဒါ
အမေရိကန်ဘက်မယိမ်းတဲ့ အရှေ့အလယ်ပိုင်းခုနစ်နိုင်ငံကို အမေရိကန်ရဲ့ ထိပ်တန်းဦးစားပေးအဖြစ် အာဂျင်ဒါထဲ ထည့်လိုက်တယ်။ အမေရိကန် သမ္မတ အဆက်ဆက် အဲဒီအာဂျင်ဒါကို အကောင် အထည်ဖော်ဖို့တာဝန်ရှိလာတော့တယ်။ ဆီးရီးယားက နံပါတ်ခြောက်နဲ့ အီရန်က နောက်ဆုံးခုနစ်နိုင်ငံမြောက်။ ထရမ့်က ကံဆိုး – ကံကောင်းလို့ ပြောရမလားပဲ။ ယူကရိမ်းစစ်ဖြစ်နေလေတော့ ရုရှားက ဆီးရီးယားကို အပြည့်အဝမကူနိုင်တော့ဘူး။ထရမ့်သမ္မတပထမနှစ်မှာဆီးရီးယားသမ္မတ ရုရှားကိုထွက်ပြေးလိုက်ရတော့တယ်။ တူရကီအားပေး HTSက အစိုးရ ဖြစ်လာတယ်။
ထရမ့်လက်ထက်မှာ အီရန်ကိုဖြိုပြီးရင် အာဂျင်ဒါထဲမှာပါတဲ့ အမေရိကန်ရဲ့ မစ်ရှင်အောင်မြင်ပြီ။ နောက်ပစ်မှတ်က တရုတ်။ အီရန်ကိုဖြိုဖို့မှာ အကြောင်းအချက်က အထွေအထူးရှာစရာမလိုတော့၊ အီရန်ကအနုမြူပိုင်ဖို့ကြိုးစားတယ်။ အနုမြူပိုင်ရင် အမေရိကန်ကို ခြိမ်း ခြောက်နိုင်တယ်၊ရေနံလက်နက်နဲ့အနုမြူ လက်နက်ကို တစ်ပြိုင်နက်ပေါင်းသုံးလိုက်ရင်ဖြေရှင်းနိုင်ဖို့ အခက် အခဲဖြစ်လာနိုင်တယ်။ အမှန်တကယ်က အီရန်ဆီမှာ (200 km)အထိရောက်အောင်ပစ်နိုင်တဲ့ ဒုံးပဲရှိ သေးတယ်။အမေရိကန်ကို အနားတောင် မသီနိုင်သေးပါဘူး။
ဘာပဲဖြစ်ဖြစ် အနုမြူပိုင်ဖို့နီးလာတဲ့ ယူရေနီယံသန့် စင်မှုကို အကြောင်းပြပြီး ၂၈-၂-၂၀၂၆ နံနက် ၈ နာရီလောက်မှာပဲ စပြီးတိုက်ခိုက်လိုက်ပါတော့တယ်။စစ်ပွဲစပြီးနှစ်နာရီအတွင်း ခေါင်းဆောင်ကြီး အယာတိုလာခါမေနီအပါအဝင် ထိပ်စီးတချို့ကိုသုတ်သင်ပစ်လိုက်နိုင်ခဲ့တယ်။နှစ်ရက်လောက်အတွင်းမှာ အီရန်ထိပ်စီးအဆင့်ခေါင်းဆောင်ငါးဆယ်ကျော်ကိုသုတ်သင်လိုက်နိုင်တဲ့အတွက် ကမ္ဘာ့စစ်ပွဲသမိုင်းမှာအများဆုံးသော ခေါင်း ဆောင်တွေကို ရှင်းပစ်နိုင်တဲ့စစ်ပွဲဖြစ်သွားတယ်။
ခြားနားတဲ့ မစ်ရှင်နှစ်ခုတွေ့ကြပြီ
လက်နက်ကိုအခြေခံကြပေမယ့် နှစ်ဖက်မစ်ရှင်တွေက ဆန့်ကျင်ဘက် ပါ။ အမေရိကန်နဲ့အစ္စရေးမစ်ရှင်က-
– အီရန်အစိုးရဖြုတ်ချရေး၊ အမေရိကန်နောက်ခံအစိုးရသစ်ဖြစ်စေရေး(အမေရိကန်ရဲ့ “ခုနစ်နိုင်ငံ” ဖြိုချရေးနောက်ဆုံးအာဂျင်ဒါ)
– အီရန်ရေနံကို အမေရိကန် ထိန်းချုပ်နိုင်ရေး။
– အရှေ့အလယ်ပိုင်းမှာ မွတ်စလင် အင်အားနည်းသွားစေရေး။
အမေရိကန်ကိုလက်နက်နဲ့ မနိုင် နိုင်တဲ့ အီရန်ရဲ့မစ်ရှင်က –
– စစ်ပွဲကတစ်ဆင့် ရေနံလက်နက်နဲ့ အမေရိကန်နှလုံးသားဖြစ်တဲ့ စီးပွားရေးကို တုံ့ပြန်တိုက်ခိုက်ခြင်း
– အရှေ့အလယ်ပိုင်းဒေသ မွတ်စလင်နိုင်ငံအားလုံးရဲ့ခေါင်းဆောင်မှုကို ပြသပြီးဒေသတွင်းပါဝါ နိုင်ငံတစ်ခုအဖြစ်ပြသခြင်း။

စစ်ပွဲတာထွက်ထွက်ချင်းမှာ အမေရိကန်နဲ့ အစ္စရေးပူးပေါင်းစစ်ဆင်ရေးက အီရန်ရဲ့ပစ်မှတ်ပေါင်း ၂ဝဝဝ ကျော်ကို ခြေမှုန်းလိုက်နိုင်ခဲ့တယ်။ စစ်ပွဲနှစ်ပတ်ကြာမှာ အီရန်ရဲ့ပစ်မှတ်ပေါင်း ၅ဝဝဝ ကျော်ကို ဖျက်ဆီးပစ်လိုက်တယ်။ ခေါင်းဆောင်သစ်ခါမေနို့သား Mojtabaကိုလည်း(ဒဏ်ရာ/သေဆုံး)အောင်တိုက်ခိုက်လိုက်ခဲ့တယ်။
အီရန်ကလည်းအမေရိကန်စစ်အခြေစိုက်စခန်းတွေထားရှိတဲ့ အရှေ့အလယ်ပိုင်းဆယ်နိုင်ငံကို ဒုံးမိုးရွာပစ်လိုက်တယ်။ ယူအေအီး၊ ကာတာနဲ့ ဆော်ဒီသုံးနိုင်ငံက အထိခိုက်ဆုံးဖြစ်လာတယ်။ ဟောမုဇ်ရေလက် ကြားကို ပိတ်ပစ်ပြီး ရေနံဈေးကိုကြီးမြင့်လိုက်စေတယ်။ စစ်ပွဲ ပထမဆယ်ရက်အတွင်း အီရန်ဘက်က တစ်ရက်နှင့်တစ်ရက်ပစ်အားကျဆင်းလာခဲ့ပြီး ဒုတိယပတ်အကုန်မှာ ပစ်အားကိုလည်း ပြန်မြှင့်၊ ပိုပြီးအဆင့်မြင့်တဲ့ ဒုံးတွေကိုလည်း ထုတ်သုံးလာတာကြောင့် ယူအေအီး၊ ကာတာ၊ ဆော်ဒီနဲ့ အစ္စရေးတို့ အတော်လေးအထိနာသွားကြတာတွေ့ ရတယ်။
အမေရိကန် နှလုံးခုန်ရပြီ
ဟောမုဇ်ကိုပိတ်လိုက်တဲ့အတွက်အတွင်းပိုင်းနိုင်ငံတွေက ရေနံတွေ ထွက်မရတော့ဘူး။ ရေနံဈေးကရာခိုင် နှုန်း ၄၀ ခုန်တက်သွားပြီး တစ်စည်ကို $ 100 ကျော် သွားပြီ။ အီရန်ဘက်က လုံးဝညှိနှိုင်းမှာ မဟုတ်ဘူး။ ခြောက်လကြာအထိ စစ်ပွဲကိုတိုက်ဖို့ လုံလောက်တဲ့လက်နက်နဲ့ ဒုံးပျံတွေရှိထားတယ်။ ရေနံဈေးကိုလည်း S 2(X) အထိမျှော်မှန်းထားကြလို့ ကြိမ်းဝါးလိုက်တယ်။ လေကြောင်းလိုင်းတွေ ပိတ်လိုက်ရလို့ ခရီးသွားလုပ်ငန်းက ငွေဝင်ကြမ်းခဲ့တဲ့ ယူအေအီးစီးပွားရေးအရ အကြီး အကျယ်ထိခိုက်ခံလိုက်ရတယ်။
ရေနံကဝင်ငွေကို အဓိကထားနေကြရတဲ့ အမေရိကန်ယိမ်းအတွင်းနိုင်ငံတွေ မျက်ပြူးဆန်ပျာဖြစ်ကုန်တယ်။ ရေနံကြောင့် ငွေကြေးဖောင်းပွမှုဒဏ်ကို အမေရိကန်ပြည်သူတွေခံစားရပြီး ဆန္ဒပြလာကြတယ်။ထရမ့်ကိုဒီမိုကရက်တွေ ထိုးနှက်လာကြတယ်။လွှတ်တော်က ထရမ့်ကို သမ္မတလုပ်ပိုင်ခွင့်ထက်ကျော်လွန်အသုံး ချတယ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးကြားနာခြင်းခံရတယ်။
ရေနံကရတဲ့ ပမာဏကြီးမားတဲ့ငွေကို အမေရိကန်စတော့တွေမှာ ဝယ်ယူထားကြတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဟာ ဝင်ငွေရပ်တန့်သွားတဲ့အတွက် စစ်ပွဲရှည်ကြာရင် စတော့တွေကိုပြန်ရောင်းကြရလိမ့်မယ်။ စတော့တွေပြိုပြီး အမေရိကန်စီးပွားရေးကို ဒဏ်ရာအကြီးအကျယ်ရစေမှာတော့ အမှန်ပဲ။ စစ်ပွဲကြာလာတာနဲ့အမျှ အီရန်ရဲ့ မစ်ရှင်အောင်မြင်ဖို့ပိုနီးစပ်လာတယ်လို့ ယေဘုယျသုံးသပ်နိုင်လိမ့်မယ်။
ဒီမှာတင်နှလုံးခုန်နေရတဲ့အမေရိကန်ကို Heart Failure ဖြစ်အောင် အီရန်က ထပ်ပြီးခြိမ်းခြောက်ပြလိုက်ပြန်ပါသေးတယ်။ Nvidia, Microsoft, Apple, Alphabet, Amazon, Meta, Tesla စတဲ့ အမေရိကန်ရဲ့ မဟာအင်အားကြီး ကုမ္ပဏီကြီးတွေရဲ့အခြေခံအဆောက်အဦတွေကိုလည်း အီရန်က တိုက်ခိုက်သွားမယ်လို့ ထပ်သတိပေးလိုက်တာမှာအားလုံးထိတ်ထိတ် ပျာပျာဖြစ်သွားကြတော့တယ်။ ရှယ်ယာဈေးတွေထိုးဆင်းကုန်တယ်။
ထပ်ဆိုးသွားတဲ့အကြောင်းတစ်ခု ပေါ်လာပြန်ပါတယ်။ FBI ရဲ့သတိပေးကြေညာချက်ပါ။ ကယ်လီဖိုးနီးယားအပါအဝင် မြို့ကြီးတချို့မှာ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ခံရနိုင်တဲ့သတိပေးမှုက ပြည်သူတွေကိုထိတ်ထိတ်ပျာပျာပိုဖြစ်စေပြီး သူတို့ရဲ့ဒေါသတွေ ထရမ့်အပေါ် စုပုံကျသွားစေခဲ့ပါတော့တယ်။
ဘယ်ဗျူဟာ အလုပ်တကယ်ဖြစ်နိုင်သလဲ
အီရန်စစ်မှာ နှစ်ဖက်က ရည်မှန်းချက်မတူ၊ ဗျူဟာချင်းလည်း သိသိသာသာကွဲပြားနေကြတယ်။ အမေရိကန်ရဲ့ ရည်မှန်းချက်ဘယ်လောက်ပြီးမြောက်နိုင်သလဲဆိုတာကိုလေ့လာရင်…
– အီရန်ခေါင်းဆောင်ပိုင်းကို ဘယ်လောက်ပဲသုတ်သင်သုတ်သင်၊ လက်ဆင့်ကမ်းခေါင်းဆောင်တွေရှိနေတယ်။
– IRGCက တစ်နိုင်ငံလုံးကို စနစ်တကျချုပ်ကိုင်ထားနိုင်တယ်။
– မြေပြင်တပ်နဲ့ အီရန်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့မလွယ်ဘူး။
ဒါကြောင့် အမေရိကန်မစ်ရှင်က ပြီးမြောက်ဖို့မလွယ်လှဘူး။ အီရန်ရဲ့ မစ်ရှင်ပြီးမြောက်နိုင်မှုကို လေ့လာရင်-
– ရေနံကတစ်ဆင့် အမေရိကန်စီးပွားရေးကိုတိုက်ခိုက်တာ လောလောဆယ်အတိုင်းအတာတစ်ခုအထိအောင်မြင်နေတာတွေ့ရတယ်။
– အခြားရေနံထွက်နိုင်ငံတွေကို ပိတ်ဆို့ထားခြင်းနဲ့ အမေရိကန်စတော့ကို ပြိုလဲစေမယ့်ဗျူဟာကလည်း ရေရှည်စစ်ကိုသာဆွဲဆန့်နိုင်၊ ကုရာနတ္ထိဆေးမရှိဆိုတာမြင်နေရပြီ။
ခေတ်သစ်မှာ စစ်အရှုံးအနိုင်ဆိုတာ အလံဖြူ ထောင်ပြရတဲ့ အခြေအနေမျိုးမဟုတ်တော့ဘူး။ ပြိုင်ဘက်နိုင်ငံရဲ့ စီးပွားရေးကို ဒဏ်ရာဘယ်လောက်ကြီးကြီးရအောင် တိုက်ခိုက်နိုင်သလဲဆိုတာဖြစ်လာခဲ့ပါပြီ။
#USAvsIran #MiddleEastWar #DifferentStrategy #USHiddenagenda #IranOilweapon #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN